ဟောင်ကောင်ဒီမိုကရေစီအရေးဆန္ဒပြခေါင်းဆောင်ရှစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

ဟောင်ကောင်ဒီမိုကရေစီအရေးဆန္ဒပြခေါင်းဆောင်ရှစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

ဟောင်ကောင်၌ ၂၀၁၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဒီမိုကရေစီအရေးဆန္ဒပြမှုများ၏ခေါင်းဆောင်ရှစ်ဦးအား အများပြည်သူအနှောင့်အယှက်ဖြစ်စေမှုပြစ်မှုများဖြင့် တရားရုံးတစ်ရုံးက ဧပြီ ၂၄ ရက်တွင် ထောင်ဒဏ် ၁၆ လအထိ ချမှတ်ခဲ့သည်။

ဒီမိုကရေစီအရေးလှုပ်ရှားမှုခေါင်းဆောင်များသည် အသက် ၃၀ ကျော်မှ အသက် ၇၀ ကျော်အရွယ်အထိရှိသူများဖြစ်ကြသည်။ သုံးဦးသည် ထောင်ဒဏ် ၁၆ လ၊ တစ်ဦးသည် ဆိ်ုင်းငံ့ထောင်ဒဏ်နှစ်လ၊ နှစ်ဦးသည် ထောင်ဒဏ်ရှစ်လနှင့် နှစ်ဦးသည် ဆိုင်းငံ့ထောင်ဒဏ်ရှစ်လအသီးသီးချမှတ်ခံခဲ့ရသည်။

အခြားတစ်ဦးမှာမူ  နာရီပေါင်း ၂၀ဝ လူမှုရေးလုပ်ဆောင်ရမည်ဖြစ်သည်။ အခြားရုံးတင်ခံရသူတစ်ဦးဖြစ်သည့် တန်ယာချန်းသည် ခွဲစိတ်မှုခံယူရမည်ဖြစ်သောကြောင့် ထောင်ဒဏ်ချမှတ်မှုကို ဆိုင်းငံ့ထားခဲ့သည်။

ထောင်ဒဏ်ချမှတ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ၊ ဟောင်ကောင်၌ လူတိ်ုင်းမဲပေးခွင့်ရရှိရေးလုပ်ဆောင်မည့် စိတ်ဓာတ်သည် ပိုမိုပြတ်သားခိုင်မာသွားပြီဖြစ်ကြောင်း ထောင်ဒဏ်ရှစ်လချမှတ်ခံခဲ့ရသည့် ရာဖယ်ဝေါင်ကပြောဆိုခဲ့သည်။

ထောင်ဒဏ်လရှည်ချမှတ်မှုများကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားပါက ဆိုးရွားသော အကျိုးဆက်များရှိလာမည်ဟု သတိပေးလိုက်သလိုရှိနေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့မှ တရုတ်ဆိုင်ရာသုတေသနပညာရှင် မာယာဝမ်ကပြောဆိုခဲ့သည်။

ထောက်ခံသူများနှင့် မိသားစုဝင်များသည် စွပ်စွဲခံရသူများ တရားရုံးတွင်းသို့ဝင်ရောက်ချိန်တွင် လက်ခုပ်လက်ဝါးတီးကြိုဆိုခဲ့ကြသော်လည်း စီရင်ချက်ချမှတ်ပြီးနောက် ငိုကြွေးကြကာ ယင်းနောက်တွင် ဒီမိုကရေစီဆိုင်ရာကြွေးကြော်သံများကို ရွတ်ဆိုခဲ့ကြသည်။

ပြစ်မှုကျူးလွန်ကြောင်း ဆုံးဖြတ်ခံရသူများတွင် ဥပဒေပါမောက္ခ ဘန်နီတိုင်၊ အငြိမ်းစားလူမှုဗေဒပါမောက္ခ ချန်းကင်မန်းနှင့် တရားဟောဆရာ ချူယူမင်တို့ပါဝင်ပြီး ၎င်းတို့အားလုံးသည် ထောင်ဒဏ် ၁၆ လစီချမှတ်ခံခဲ့ရကာ ချူတစ်ဦးသည်သာ ထောင်ဒဏ်ကျခံရမှုနှစ်နှစ်ဆိုင်းငံ့ခံခဲ့ရသည်။

အခြားပြစ်ဒဏ်ချမှတ်ခံရသူများတွင် လက်ရှိလွှတ်တော်အမတ်နှစ်ဦးနှင့် အမတ်ဟောင်းတစ်ဦး၊ ကျောင်းသားခေါင်းဆောင်နှစ်ဦးနှင့် နိုင်ငံရေးလှုပ်ရှားသူတစ်ဦးတို့ပါဝင်သည်။

မျက်ရည်ယိုဗုံးများဖြင့် ရဲတပ်ဖွဲ့၏နှိမ်နင်းမှုကို ကာကွယ်ရန် အဝါရောင်ထီးများကို အသုံးပြုခဲ့မှုကြောင့် ထီးလှုပ်ရှားမှုဟု သိကြသည့် ဆန္ဒပြမှုကို ဦးဆောင်ခဲ့သည့် ခေါင်းဆောင်ကိုးဦးသည် အကြမ်းဖက်မှုမပါဝင်သော ထိုင်သပိတ်မှောက်မှုကို ကမကထပြုခဲ့ကြသူများသည်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူးကိုယ်စားလှယ်လောင်းများကို လွတ်လပ်စွာ အမည်စာရင်းတင်သွင်းခွင့်ရရှိပြီး ယင်းနောက် ဟောင်ကောင်သားမဲပေးခွင့်ရှိသူ ငါးသန်းတို့က လွတ်လပ်စွာ မဲပေးခွင့်ရရှိရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။