အွန်လိုင်းတွင် အကြမ်းဖက်ဝါဒ ပြန့်ပွားနေမှု နယူးဇီလန်နှင့် ပြင်သစ် ပူးပေါင်းထိန်းချုပ်မည်

အွန်လိုင်းတွင် အကြမ်းဖက်ဝါဒ ပြန့်ပွားနေမှု နယူးဇီလန်နှင့် ပြင်သစ် ပူးပေါင်းထိန်းချုပ်မည်

အွန်လိုင်းပေါ်တွင် အစွန်းရောက်၊ အကြမ်းဖက် ဝါဒများနှင့် အကြောင်းအရာများ ပြန့်ပွားနေမှု ထိန်းချုပ်ရေးအတွက် မေလတွင် ပါရီ၌ နယူးဇီလန် ဝန်ကြီးချုပ် ဂျာဆင်ဒါ  အာဒန်နှင့် ပြင်သစ်သမ္မတဧမာနွေလ  မာခရွန်တို့ တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

နိုင်ငံတကာနည်းပညာကုမ္ပဏီကြီးများအနေဖြင့် အွန်လိုင်းတွင် အကြမ်းဖက်အကြောင်းအရာများ ပြန့်ပွားနေမှုကိုယခုထက်ပိုထိန်းကွပ်ရေးပူးပေါင်းပါဝင်ရန် ဆော်သြသွားမည်ဖြစ်ကြောင်းဝန်ကြီးချုပ် အာဒန်ကပြောသည်။

ထိုလှုပ်ရှားမှုကို “ခရိုင်ချက်နှိုးဆော်သံ” လှုပ်ရှားမှုဟုအမည်ပေးထားသည်။ ပြီးခဲ့သည့်လကနယူးဇီလန်နိုင်ငံခရိုင်ချက်မြို့တွင် ဗလီနှစ်လုံးအကြမ်းဖက်တိုက်ခိုက်ခံရကာလူငါးဆယ်ကျော် သေဆုံးခဲ့ရမှုကိုအစွဲပြုမှည့်ခေါ်ထားခြင်း ဖြစ်သည်။

အွန်လိုင်းတွင် အကြမ်းဖက်အကြောင်းအရာများထိန်းကွပ်ရေးအသေးစိတ်အချက်အလက်များကိုမူဝန်ကြီးချုပ် အာဒန်ကအသိပေးခြင်းမရှိသေးဘဲဆွေးနွေးဆဲသာဖြစ်ကြောင်းဆိုသည်။ ဖေ့စ်ဘွတ်ခ်၊ တွစ်တာ၊ မိုက်ခရိုဆော့ဖ်၊ ဂူဂဲစသည့် နည်းပညာကုမ္ပဏီအကြီးအကဲများနှင့်လည်းတွေ့ဆုံဆွေးနွေးလျက်ရှိကြောင်းဝန်ကြီးချုပ် အာဒန်ကပြောသည်။

“ဒီလှုပ်ရှားမှုဟာလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုပိတ်ပင်တာမဟုတ်ပါဘူး။ အွန်လိုင်းပေါ်ကအကြမ်းဖက်မှုတွေကိုသုတ်သင်တာသာ ဖြစ်ပါတယ်။ သေနတ်သမားကလူတွေကိုပစ်သတ်နေတာကိုအွန်လိုင်းကနေတိုက်ရိုက်လွှင့်တာကိုလွတ်လပ်စွာထုတ်ဖော်ခွင့်လို့ ဘယ်သူကမှ သတ်မှတ်မှာမဟုတ်ပါဘူး”  ဟုဝန်ကြီးချုပ် အာဒန်ကပြောသည်။

မတ် ၁၅  ရက်ကခရိုင်ချက်မြို့တွင် သေနတ်သမားသည် လူအများကိုပစ်သတ်နေပုံကိုဦးထုပ်ကင်မရာဖြင့်ရိုက်ကာဖေ့စ်ဘွတ်ခ်ပေါ်တွင် ၁၇ မိနစ်ကြာတိုက်ရိုက်လွှင့်ခဲ့သည်။လူသတ်သမားသည် ဆိုရှယ်မီဒီယာကိုအသုံးချကာအကြမ်းဖက်ဝါဒကို ဖြန့်ချိခဲ့ခြင်းကိုမည်သူကမျှ လက်သင့်ခံမည်မဟုတ်ကြောင်းဝန်ကြီးချုပ် အာဒန်ကပြောသည်။