သီရိလင်္ကာနိုင်ငံတွင် ခရစ်ယာန်များ၏ ဘာသာရေးအထွဋ်အမြတ်နေ့တစ်နေ့ဖြစ်သည့် ခရစ်တော် ပြန်လည်ရှင်သန် ထမြောက်တော်မူရာ အီစတာတနင်္ဂနွေနေ့ ဧပြီလ ၂၁ ရက်တွင် ခရစ်ယာန်ဘုရားကျောင်းများနှင့် ဟိုတယ်များတွင် ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရသည့်သတင်းက ယခုအပတ်တွင်း ကမ္ဘာကို တုန်လှုပ်စေခဲ့သည်။
စီးပွားရေးမြို့တော် ကိုလံဘိုဝန်းကျင်ရှိ ဘုရားကျောင်းများတွင် စုဝေးဝတ်ပြုချိန်နှင့် ဟိုတယ်များတွင် နံနက်စာ စားချိန်ကို အဓိက ချိန်ရွယ်တိုက်ခိုက်ခြင်းဖြင့် ထိခိုက်သူများပြားစေခဲ့ပြီး အများစုမှာ သီရိလင်္ကာနိုင်ငံသားများပင်ဖြစ်သည်။
ပထမဆုံးဗုံးကွဲမှုက နံနက် ၈ နာရီ ၄၅ မိနစ်တွင် ကိုလံဘို၏သမိုင်းဝင် စိန့်အန်ထော်နီဘုရားကျောင်း၌ ဖြစ်ပွားခဲ့သည်။ တစ်ပြိုက်နက်လိုပင် ရှန်ဂရီလာနှင့် ကင်းစ်ဘူရီဟိုတယ်တို့တွင်လည်း ဗုံးကွဲခဲ့သည်။ မရှေးမနှောင်းပင် ကိုလမ်ဘိုမြောက်ပိုင်းရှိ စိန့်ဆီဘက်စတိန်းဘုရားကျောင်း၌ ဗုံးကွဲခဲ့သည်။ ယင်းဘုရားကျောင်းမှ နိုင်ငံတကာလေဆိပ်နှင့် နီးကပ်၍ လုံခြုံရေးတင်းကျပ်သည်။
၈ နာရီ မိနစ် ၅၀ မှာတော့ စီနာမွန်ဂရန်းဟိုတယ်၊ ၉ နာရီ ၅ မိနစ်တွင် ဇီအွန်အီဗန်ဂျယ်လီကယ် ဘုရားကျောင်း တို့တွင် အသီးသီးပေါက်ကွဲပြန်သည်။ တဖန် နေ့လည် ၁ နာရီ ၄၅ မိနစ်တွင် အမျိုးသားတိရိစ္ဆာန်ဥယျာဉ်အနီး ဧည့်ရိပ်သာ၌ လည်းကောင်း၊ ၂ နာရီ ၁၅ မိနစ်တွင် ဒီမာတာဂိုဒါအရပ်ရှိ အိမ်ရာစီမံကိန်းတွင်လည်းကောင်း ဗုံးများပေါက်ကွဲပြန်သည်။ ဧပြီ ၂၂ ရက်၌လည်း ဟိုတယ်အချို့တွင် အသေးစားပေါက်ကွဲမှုအချို့ရှိခဲ့ပြန်သည်။
ဗုံးခွဲမှုများကြောင့် ဧပြီ ၂၄ ရက်အထိ နိုင်ငံခြားသား ၄၀ နီးပါးအပါအဝင် စုစုပေါင်း လူ ၃၆၀ ခန့် သေဆုံးခဲ့ရပြီဖြစ်ပြီး ဒဏ်ရာရသူလည်း ၅၀၀ ခန့် ရှိသည်။ အစိုးရလည်း အရေးပေါ်အခြေအနေကြေညာလျက် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ရပြီး ၂၀၀၉ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် စစ်တပ်ကို အကြမ်းဖက်သမားများရှာဖွေဖမ်းဆီးခွင့် ပေးအပ်ခဲ့ရသည်။ လူမှုကွန်ရက်များလည်း ပိတ်ဆို့လိုက်ပြီး အင်တာနက်အသုံးပြုခွင့် ကန့်သတ်ခဲ့သည်။
ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာတွင် စွန့်ပစ်ထားသည့် စနက်တန်အများအပြားတွေ့ရှိခဲ့ပြီး ဗုံးခွဲမည့်သူလည်း ရှိနေနိုင်သေးကြောင်း စိုးရိမ်မှုများနှင့် ရတက်မအေးကြပေ။
ဗုံးခွဲမှုများ လက်သည်မှာ ဒေသခံအကြမ်းဖက်အဖွဲ့ (အင်န်တီဂျေ)ခေါ် အမျိုးသား တိုးဟိဂျမားအက်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အသေခံဗုံးခွဲသူ ၇ ဦး ပါဝင်ကြောင်း အစိုးရကထုတ်ပြန်ခဲ့သည်။ အင်န်တီဂျေသည် ဗုဒ္ဓဘာသာဝင်များကိုဆန့်ကျင်သည့် လှုပ်ရှားမှုအချို့ ပြုလုပ်ခဲ့ပြီး လူသိမများလှသည့် အစ္စလာမ္မစ် အစွန်းရောက် အဖွဲ့ငယ်တစ်ခု ဖြစ်သည်။ ယင်းကြောင့် နိုင်ငံတကာအကြမ်းဖက်ကွန်ရက် ပါဝင်နိုင်ကြောင်း ယူဆကြပြီး အိုင်အက်စ် အုပ်စုကလည်း ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဧပြီ ၂၃ ရက်၌ ထုတ်ပြန်ခဲ့သည့်တိုင် အထောက်အထား မရှိချေ။
တဖန် မတ်လ ၁၅ ရက်က နယူးဇီလန်တွင်ဖြစ်ပွားခဲ့သည့် လူ ၅၀ သေဆုံးခဲ့သည့် ဗလီနှစ်ခုတွင်းပစ်ခတ်မှုကို လက်စားချေခြင်းဟု သီရိလင်္ကာကာကွယ်ရေးဝန်ကြီးက လွှတ်တော်တွင်ပြောဆိုခဲ့ပြီး သက်သေခံချက်မူ မပါဝင်ပြန်။ ဆန်းစစ်သူများကမူ သီရိလင်္ကာဗုံးခွဲမှုသည် နယူးဇီလန်ပစ်ခတ်မှုမတိုင်မီကပင် စီစဉ်ခဲ့ကြောင်း ယုံကြည်ကြသည်။
အကြမ်းဖက်မှုနှင့်ပတ်သက်လျှင် သီရိလင်္ကာတွင် ရှေးမဆွကပင် ရှည်ကြာသည့်သမိုင်းကြောင်း ရှိခဲ့သည်။ အများစု ဆင်ဟာလိစ်များရှိရာနိုင်ငံတွင် အနည်းစုတမီလ်များက ခွဲထွက်ရန်ကြိုးပမ်းခဲ့ရာ အယ်လ်တီတီအီးခေါ် တမီလ်ကျားအဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှုအများဆုံး အတိတ်ကပြုလုပ်ခဲ့သည်။ လက်ဝဲဝါဒီများပုန်ကန်မှုလည်း ၁၉၇၁-၈၇ ကာလများက ရှိခဲ့သည်။
ဘာသာရေးအားဖြင့် နိုင်ငံတွင် ဗုဒ္ဓဘာသာ ၇၀၊ ဟိန္ဒူ ၁၃၊ အစ္စလာမ် ၁၀ နှင့် ခရစ်ယာန် ၇ ရာခိုင်နှုန်း အသီးသီး ရှိကြသည်။ ဆင်ဟာလိစ်များမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး ကျန်ဘာသာဝင်များမှာ တမီလ်များဖြစ်ကြသည်။ ၂၀၁၀ ပြည့်လွန်နှစ်များတွင် ခရစ်ယာန်ဘာသာဝင်များအပေါ် ခြိမ်းခြောက်မှုများ တိုးမြင့်လာရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အခွင့်အရေးအရ အကာအကွယ်ပေးရန် တောင်းဆိုမှုများလည်း ရှိခဲ့သည်။
နယူးယောက်တိုင်းမ်နှင့် အေအက်ဖ်ပီတို့ဖော်ပြချက်အရဆိုလျှင် ဗုံးခွဲမှုမတိုင်မီ ၁၀ ရက်ခန့်ကပင် သီရိလင်္ကာ ရဲတပ်ဖွဲ့မှူးတစ်ဦးက ထင်ရှားသည့် ခရစ်ယာန်ဘုရားကျောင်းများကို တိုးဟိဂျမားအက်အဖွဲ့က တိုက်ခိုက်ရန်ခြိမ်းခြောက်မှု ရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့များကို သတိပေးထားသည်ဟုဆိုသည်။
သို့သော် ယင်းသတင်းက နိုင်ငံ၏ထိပ်တန်း ခေါင်းဆောင်များထံ ရောက်ခဲ့ပုံမရ။ ဆက်သွယ်ရေးဝန်ကြီးကတော့ ရဲထောက်လှမ်းရေး၏ အစီရင်ခံစာတစ်ရပ် ရရှိခဲ့ကြောင်း တွစ်တာ၌ဖော်ပြခဲ့သည်။ အစီရင်ခံစာက တိုးဟိဂျမားအက်ခေါင်းဆောင် မိုဟာမက်ဇာဟ်ရန်က အကြမ်းဖက်မှုတစ်ရပ် ပြုလုပ်ရန် စီစဉ်နေကြောင်းဟူ၏။
ဤမျှ သတင်းအတိအကျရသည့်ကြားမှ စိစစ်အရေးယူရန် အထက်သို့ဆက်တင်ပြရန် ပျက်ကွက်ခဲ့ပုံရခြင်းက ပြည်တွင်းစစ်အဆုံးသတ်သည့် ၂၀၀၉ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးနှင့်ကြေကွဲဖွယ်အကောင်းဆုံး တိုက်ခိုက်ခံရမှု ဖြစ်ပွားစေခဲ့ပေသည်။ နိုင်ငံတွင်း သမ္မတ၊ ဝန်ကြီးအဖွဲ့နှင့် လွှတ်တော်အကြား မညီညွတ်ခြင်းကလည်း လုံခြုံရေးရာများကို ကိုင်တွယ်ရန် အားနည်းခဲ့သလား တွေးစရာဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွင်းကဆိုလျှင် သမ္မတ မိုင်သရီပါလာ သီရိသေနာသည် ဝန်ကြီးချုပ် ရာနီး ဝိကာရာမသင်္ဃကို ဖြုတ်ချ၍ သမ္မတဟောင်းနှင့်အမတ်တစ်ဦးဖြစ်သူ မဟိန္ဒာ ရာဇပါကသကို ဝန်ကြီးချုပ်ခန့်အပ်ရာမှ နိုင်ငံရေးအကျပ်ဆိုက်ခဲ့ရဖူးသည်။
ထိုအရေးတွင် ရာဇပါကသပြန်လည်နုတ်ထွက်ခဲ့ရပြီး ရာနီး ဝိကာရာမသင်္ဃ ဝန်ကြီးချုပ်ပြန်ဖြစ်လာသည့်နောက် ၎င်းနှင့်သမ္မတအကြား ဆက်ဆံရေးမှာမကောင်းလှ။ ယခုလည်း အကြမ်းဖက်မှုကြိုတင်သတိပေးချက်က သမ္မတထံ ရောက်ကောင်းရောက်နိုင်ခဲ့သော်လည်း ဝန်ကြီးအဖွဲ့ကမူ မသိရှိခဲ့ဟု ဝိကာရာမသင်္ဃက ပြောခဲ့ရာ နိုင်ငံတော်အဆင့်တွင် အပြစ်လွှဲချသလိုဖြစ်နေသည်။
အတိုက်အခံအဖြစ် လွှတ်တော်တွင်းရှိနေသည့် ရာဇပါကသကလည်း ပြောကွက်ရသွားပြီး လက်ရှိအစိုးရနှင့် ထောက်လှမ်းရေး ညံ့ဖျင်းကြောင်း၊ ၂၀၁၅ ုခုနှစ်၌ နိုင်ငံအာဏာကို ၎င်းလွှွဲပြောင်းပေးခဲ့စဉ်က လုံခြုံငြိမ်းချမ်းသည့်နိုင်ငံ ဖြစ်ကြောင်း အသားယူတော့သည်။ သို့ဖြင့် သမ္မတ သီရိသေနာလည်း လုံခြုံရေးအကြီးအကဲများကို ပြောင်းလဲလျက် တပ်ဖွဲ့များကိုလည်း အပြည့်အဝပြန်လည်ပြုပြင်ဖွဲ့စည်းရန် ဧပြီ ၂၄ ရက်တွင် ကတိပေးလိုက်ရပါကြောင်း ဖော်ပြလိုက်ပါသည်။
ရည်ညွန်း- အေပီနှင့် နိုင်ငံတကာသတင်းများ




















