ပုဒ်မ ၅၀၅(က) ဖြင့်တရားစွဲဆိုခံထားရသည့် ဒါရိုက်တာမင်းထင်ကိုကိုကြီးအမှုကို ဧပြီ ၂၅ ရက်နံနက်ပိုင်းက အင်းစိန်မြို့နယ်တရားရုံး၌ စစ်ဆေးခဲ့ပြီး ယင်းနေ့တွင် မင်းထင်ကိုကိုကြီးဘက်မှ အာမခံလျှောက်ထားခဲ့သော်လည်း အသည်းအထူးကုဆရာဝန်ထံမှ မှတ်ချက်ရယူရန် ခက်ခဲနေသဖြင့် အာမခံ မရရှိခဲ့ကြောင်း သိရသည်။
"အခုက သူပြနေကျဆရာဝန်ကြီးက စင်ကာပူမှာနေတာ။ ရန်ကုန်မှာ ရုံးလာထိုင်တဲ့အချိန် ပြရတာဆိုတော့ အမှုနဲ့ပတ်သက်လို့ သူ့မှတ်ချက်ရဖို့က ခက်ခဲတယ်။ သူလာဖို့က ခက်တယ်ပေါ့။ ဆရာဝန်ကြီးသာ မလာရင် နောက်ရုံးချိန်းလည်း အာမခံက မလွယ်ဘူး"ဟု ဒါရိုက်တာမင်းထင်ကိုကိုကြီးဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့်တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။
ယနေ့ရုံးချိန်းတွင် အမှုဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ဒါရိုက်တာမင်းထင်ကိုကိုကြီးကို ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်သူ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
" ဒီနေ့က တရားလိုကိုအပြီးစစ်နိုင်ခဲ့ပါတယ်၊ ဒါရိုက်တာမင်းထင်ကိုကိုကြီးရဲ့ ကျန်းမာရေးအခြေအနေက စိုးရိမ်ရပါတယ်" ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောဆိုသည်။
အမှုကို လာမည့်မေ ၉ ရက်တွင် တပ်မတော်မှ အရာရှိနှစ်ဦးကို စစ်ဆေးရန် ချိန်းဆိုထားပြီး စုစုပေါင်းတရားလိုပြသက်သေ ၅ ဦးစစ်ဆေးရန် တင်သွင်းထားသည်။
ဒါရိုက်တာမင်းထင်ကိုကိုကြီး၏ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖေဖော်ဝါရီ ၁၅ ရက်မှ မတ် ၂၂ ရက်အထိ ရေးသားထားသော အချက်အလက်အချို့နှင့် ပတ်သက်၍ အရေးယူပေးပါရန် ရန်ကုန်တိုင်းစစ်ဌာန ချုပ်မှ တာဝန်ရှိသူတစ်ဦးက အင်းစိန်မြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်တင်ခဲ့ခြင်း ဖြစ်သည်။
















