တစ်နှစ်ကျော်အရွယ် ကလေးငယ်ကို ရေနှစ်ညှဉ်းပန်းနှိပ်စက်သူ အဘွားနှင့် အဒေါ်ကို မြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့

တစ်နှစ်ကျော်အရွယ် ကလေးငယ်ကို ရေနှစ်ညှဉ်းပန်းနှိပ်စက်သူ အဘွားနှင့် အဒေါ်ကို မြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့

မြောက်ဥက္ကလာပမြို့နယ်တွင် ကလေးငယ်တစ်ဦးကို ကျောက်စည်အတွင်းသို့ ရေနှစ်ညှဉ်းပန်းနှိပ်စက်သူ အဘွားနှင့် အဒေါ်တို့ကို ဧပြီ ၂၆ ရက် (ယနေ့)တွင် ရာဇသတ်ကြီး ဥပဒေပပုဒ်မ ၂၉၄ /၃၂၃/ ၁၁၄ ဖြင့် မြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့သည်။

ဧပြီ ၂၅ ရက် မွန်းလွဲပိုင်းတွင် ကလေးငယ်တစ်ဦးကို ကျောက်စည်အတွင်း ရေနှစ်ကာ ညှဉ်းပန်းနှိပ်စက်နေသည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုများ ပေါ်ပေါက်ခဲ့ကာ သက်ဆိုင်ရာ တာဝန်ရှိသူများက မြောက်ဥက္ကလာပမြို့နယ် (ခ) ရပ်ကွက် တုသိတာလမ်းရှိ အခင်းဖြစ်နေအိမ်သို့ ရောက်ရှိကာ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

စစ်ဆေးချက်အရ အခင်းဖြစ်နေအိမ်တွင် နေထိုင်သူ  ဒေါ်မြင့်မြင့်ချိုနှင့် သမီးဖြစ်သူ မအေးမြတ်လွင်တို့နှစ်ဦးက အသက် တစ်နှစ် ကိုးလအရွယ် မောင်ချစ်မင်းသူ (ခ) တောသားလေးကို နှိပ်စက်ညှဉ်းပန်းခဲ့ခြင်း ဖြစ်သည်။ ဒေါ်မြင့်မြင့်ချိုမှာ ကလေးငယ်၏ အဖွားတော်စပ်ပြီး မအေးမြတ်လွင်မှာ ကလေးငယ်၏ အဒေါ်တော်စပ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အား တာဝန်သိပြည်သူတစ်ဦးက ကလေးသူငယ်စောင့်ရှောက်ရေး လူမှုဝန်ထမ်းဦးစီမှူး ဒေါ်နီနီမြင့်ထံသို့ ဖုန်းဆက်သတင်းပို့ခဲ့သဖြင့် သက်ဆိုင်ရာက နေအိမ်အထိ ရောက်ရှိစစ်ဆေးခဲ့ရာတွင် ကလေးငယ်၏ ခါးတွင်ရိုက်နှက်ခံထားရသည့် ဒဏ်ရာ၊ ရေနွေးပူလောင်ဒဏ်ရာများတွေ့ရှိရပြီး လူမှု၀န်ထမ်းဦးစီးဌာနက စောင့်ရှောက်ထားကြောင်း မြောက်ဥက္ကလာပမြို့မရဲစခန်းမှရဲအရာရှိတစ်ဦးက ပြောသည်။

မြောက်ဥက္ကလာပမြို့မ ရဲစခန်းက(ပ)၈၉၃/၁၉ ရာဇသတ်ကြီး ဥပဒေပပုဒ်မ ၂၉၄ /၃၂၃/ ၁၁၄ တို့ဖြင့် အခင်းဖြစ်နေ့ည ၁၀ နာရီ အချိန်တွင် အမှုဖွင့်ကာ ယနေ့တွင် မြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ခြင်းဖြစ်သည်။