ဗုံးခွဲမှု သံသယရှိအိမ်ကို သီရိလင်္ကာတပ်များစီးနင်း၊ အသေခံဖောက်ခွဲမှု ပစ်ခတ်မှုများကြောင့် ၁၅ ဦး ထပ်မံသေဆုံး

ဗုံးခွဲမှု သံသယရှိအိမ်ကို သီရိလင်္ကာတပ်များစီးနင်း၊ အသေခံဖောက်ခွဲမှု ပစ်ခတ်မှုများကြောင့် ၁၅ ဦး ထပ်မံသေဆုံး

သီရိလင်္ကာနိုင်ငံတွင် အီစတာတနင်္ဂနွေ ဗုံးခွဲတိုက်ခိုက်မှုအတွက် သံသယရှိသူများ ခိုအောင်းနေသည့် အိမ်တစ်လုံးကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ရာ အသေခံဗုံးဖောက်ခွဲမှုနှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ၁၅ ဦး ထပ်မံ သေဆုံးခဲ့သည်။

နိုင်ငံအရှေ့ပိုင်း ဆမ်မန်တူရီမြို့အနီးရှိ အိမ်တစ်လုံးကို ဧပြီ ၂၆ ရက်ညက ဝင်ရောက်စီးနင်းရာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ကလေးခြောက်ဦးအပါအဝင် ၁၅ ဦး သေဆုံးကာသုံးဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများအနက် အသေခံဗုံးခွဲသူများသည် စစ်သွေးကြွအဖွဲ့ဝင်များဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရသူ ရူဝန်ဂန်နာဆီကာရာက ပြောဆိုသည်။

နောက်ထပ်စီးနင်းမှုများ ပြုလုပ်ရာတွင်လည်း ဖောက်ခွဲရေးပစ္စည်းများ၊ စနက်တန်များ၊ အသေခံဖောက်ခွဲရေး ကိရိယာများ၊ စစ်ဝတ်စုံများနှင့် အိုင်အက်စ်အလံများသိမ်းဆည်းရမိခဲ့ကြောင်း ဒေသခံစစ်တိုင်းမှူး ဗိုလ်ချုပ် အာရူနာ ဂျာရာဆီခါရာက ပြောသည်။

လွန်ခဲ့သည့်နှစ်က သမ္မတနှင့် ဝန်ကြီးချုပ်အကြား နိုင်ငံရေးအရ မသင့်မြတ်မှုများဖြစ်ပေါ်ခဲ့သည့် သီရိလင်္ကာတွင် အစိုးရအနေဖြင့် စစ်သွေးကြွများကို ကျယ်ပြန့်စွာအရေးယူမည်ဖြစ်ကြောင်း သမ္မတ မိုင်သရီပါလာ သီရိသေနာက ကတိပြုခဲ့သည်။

အိုင်အက်စ်အကြမ်းဖက်အုပ်စုနှင့် ဆက်နွှယ်သူ ၁၄၀ ခန့်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်းလည်း သမ္မတက ပြောသည်။ဧပြီ ၂၁ ရက်ဗုံးခွဲမှုကျူးလွန်သည့်အုပ်စုခေါင်းဆောင် မိုဟာမက်ဇာဟရန်သည် ရှန်ဂရီလာဟိုတယ် အသေခံ ဗုံးဖောက်ကွဲမှုအတွင်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဧပြီ ၂၆ ရက်၌ အတည်ပြုခဲ့သည်။

ဇာဟရန်နှင့် အိုင်အက်စ်အုပ်စု ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သီရိလင်္ကာနှင့် သြစတြေးလျအစိုးရတို့က ပြောဆိုခဲ့သည်။

သီရိလင်္ကာ ရဲတပ်ဖွဲ့သည် လူ့အခွင့်အရေးလှုပ်ရှားသူ၊ အမေရိကန်မှ ဘရောင်းတက္ကသိုလ်ကျောင်းသူတစ်ဦးကို စစ်သွေးကြွတစ်ဦးအဖြစ် မှားယွင်းစွပ်စွဲခဲ့မိသည်ကို ပြန်လည်တောင်းပန်ခဲ့သည်။

ဗုံးခွဲမှုကြောင့် သေဆုံးသူ ၃၅၉ ဦး ရှိခဲ့ကြောင်း မူလဖော်ပြချက်ကိုသီရိလင်္ကာကျန်းမာရေးဝန်ကြီးဌာနက ပြန်လည် လျှော့ချ၍ သေဆုံးသူ ၂၅၃ ဦးဖြစ်ကြောင်း ဧပြီ ၂၅ ရက် ညပိုင်းက ထုတ်ပြန်ခဲ့သည်။