အယ်လ်ဂျီးရီးယားဆန္ဒပြပွဲ ၁၀ ပတ်မြောက်ချိန်၌ စစ်ဦးစီးချုပ်က ဆန္ဒပြသူများ၏ပစ်မှတ်ဖြစ်လာ

အယ်လ်ဂျီးရီးယားဆန္ဒပြပွဲ ၁၀ ပတ်မြောက်ချိန်၌ စစ်ဦးစီးချုပ်က ဆန္ဒပြသူများ၏ပစ်မှတ်ဖြစ်လာ

အယ်လ်ဂျီးရီးယားနိုင်ငံတွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများရက်သတ္တပတ် ၁၀ ပတ် ပြည့်မြောက်လာချိန်တွင် သြဇာကြီးမားသည့် စစ်ဦးစီးချုပ်သည် ဆန္ဒပြသူများ၏ အဓိကပစ်မှတ်ဖြစ်လာခဲ့သည်။

ဖေဖော်ဝါရီ ၂၂ ရက်က စတင်ခဲ့သည့် ဆန္ဒပြမှုများသည် သမ္မတဘော်တီဖလီကာ ပဉ္စမမြောက်ရာထူးဆက်ခံရန် ကြိုးပမ်းရာမှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

အယ်လ်ဂျီရီးယားကို နှစ် ၂၀ အုပ်စိုးခဲ့သည့် ဘော်တီဖလီကာသည် ဆန့်ကျင် ဆန္ဒပြမှုများနှင့် စစ်ဦးစီးချုပ် အာမက် ဂါအစ်ဆာလက်တို့၏ ဖိအားပေးမှုကြောင့် ဧပြီ ၂ ရက်၌ ရာထူးမှနုတ်ထွက်သွားခဲ့ရာ ဂါအစ်ဆာလက်သည် နိုင်ငံကိုအဓိက ထိန်းချုပ်သူ ဖြစ်လာခဲ့သည်။

သို့သော် အစိုးရယန္တရားတစ်ခုလုံး ပြုပြင်ပြောင်းလဲလိုပြီး ဘော်တီဖလီကာကိုဝန်းရံခဲ့သူများ အလိုမရှိကြောင်း ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားခဲ့ရာ ဧပြီ ၂၆ ရက်၌ ဆန္ဒပြသူများက စစ်ဘက်အုပ်စိုးမှုသည် အဖြေမဟုတ်ကြောင်းနှင့် ဂါအစ်ဆာလက်နုတ်ထွက်ပေးရေးကိုပါ တောင်းဆိုလာခဲ့ကြသည်။ ပြင်သစ်ထံမှ ၁၉၆၂ ခုနှစ်၌ လွတ်လပ်ရေးရရှိခဲ့သည့်နောက် စစ်ဘက်က အရေးပါခဲ့သည့် အယ်လ်ဂျီးရီးယားတွင် နောက်ထပ် စစ်ဘက်၌သြဇာကြီးသူတစ်ဦး ထပ်မံအားကောင်းလာမည်ကို ဆန္ဒပြသူအချို့က မလိုလားကြချေ။

အကျင့်ပျက်ခြစားမှုများ တိုက်ဖျက်ရေး လိုအပ်သည့် အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် တရားရေးအရာရှိများကို ဆာလက်က အားပေးခဲ့၍ လုပ်ငန်းရှင်အများအပြား အဖမ်းခံခဲ့ရသည့်နောက် ဧပြီ ၂၆ ရက်ဆန္ဒပြမှု ဖြစ်ပွားခဲ့သော်လည်း ယခင်အပတ်ဆန္ဒပြမှုများထက် အင်အားနည်းပါးခဲ့သည်။

အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များသည် ဓားစာခံရှာခြင်းနှင့် စွပ်စွဲသည့်ပမာ ဖြစ်နိုင်ခြေကြောင့် ဆန္ဒပြသူများက မနှစ်သက်ကြကြောင်း၊ စနစ်ကြီးတစ်ခုလုံးကို ပြုပြင်ပြောင်းလဲရန်လိုအပ်ကြောင်း ဆန္ဒပြသူများ ပြောဆိုခဲ့သည်။

ခြစားမှုတိုးမြှင့်တိုက်ဖျက်ရေး ဆာလက်၏ဆြော်သြမှုသည် သမ္မတရွေးကောက်ပွဲအချိန်ဇယားကို ဇူလိုင် ၄ ရက်သို့ သတ်မှတ်ခြင်းအတွက် ဆန္ဒပြလိုသူများကို ချွေးသိပ်ခြင်းဖြစ်နိုင်ကြောင်း ပြောဆိုမှုလည်း ရှိသည်။

ဆန္ဒပြသူများက သမ္မတသစ်မရွေးချယ်မီ အသွင်ကူးပြောင်းရေးကာလတစ်ရပ် အလိုရှိကြသည်။

သမ္မတဟောင်း ဘော်တီဖလီကာ၏ ချမ်းသာကြွယ်ဝသည့်သားသုံးဦးလည်း ခြစားမှုစုံစမ်းစစ်ဆေးရေးတွင် ထိန်းသိမ်းခံထားရသည်။

ဘော်တီဖလီကာနှင့် မသင့်မြတ်သော်လည်း အယ်လ်ဂျီးရီးယားတွင် အချမ်းသာဆုံး လုပ်ငန်းရှင် ဖြစ်သည့်  အစ်ဆက်ရဲဘရက်သည်လည်း စုံစမ်းမေးမြန်းခံနေရကြောင်း သိရသည်။

အတိုက်အခံများအနေဖြင့် နိုင်ငံရေးအဖြေတစ်ခုရှာဖွေ၍ နိုင်ငံတည်ငြိမ်မှု မပျက်ပြားစေရန် တိုက်တွန်းကြောင်း အယ်လ်ဂျီးရီးယား စွန့်ဦးတီထွင်ညီလာခံအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဟာဆန်ခီလီဖာတီက ပြောဆိုခဲ့သည်။