နိုင်ငံတကာလက်နက်ကုန်သွယ်မှုစာချုပ်မှ အမေရိကန်ထွက်ခွာမည်ဟု သမ္မတထရမ့်ပြောဆို

နိုင်ငံတကာလက်နက်ကုန်သွယ်မှုစာချုပ်မှ အမေရိကန်ထွက်ခွာမည်ဟု သမ္မတထရမ့်ပြောဆို

ကုလသမဂ္ဂ၏ လက်နက်ကုန်သွယ်မှုဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်မှ အမေရိကန်ပြည်ထောင်စုအား ထွက်ခွာစေမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်မှ သြဇာကြီးမားသည့် အမျိုးသားရိုင်ဖယ်အသင်း(အင်န်အာအေ)ရှေ့မှောက်တွင် ပြောဆိုခဲ့သည်။

၄င်းအား သမ္မတဖြစ်မြောက်ရေးအတွက် ၂၀၁၆ ခုနှစ်က သိသာစွာ ကူညီခဲ့သည့် အင်န်အာအေ၏ နှစ်ပတ်လည် ညီလာခံတွင် ပြောဆိုခဲ့ခြင်းဖြစ်ပြီး လက်နက်ကုန်သွယ်မှုစာချုပ်သည် ဆိုးဆိုးရွားရွားလမ်းလွဲနေကြောင်း ထရမ့်က အပြစ်တင်လျက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သေနတ်ကိုင်ဆောင်ခွင့်သည် အတိုက်ခိုက်ခံနေရကြောင်းလည်း ပြောဆိုခဲ့သည်။

ထရမ့်၏ ပြောဆိုမှုကို ညီလာခံတက်ရောက်လာသည့် သေနတ်ထိန်းချုပ်ရေးဥပဒေများနှင့် ရင်ဆိုင်နေရသော သေနတ်ကိုင်ဆောင်ခွင့်လိုလားသူများက သြဘာပေးခဲ့ကြသည်။

၂၀၁၃ ခုနှစ်က သမ္မတအိုဘားမား လက်မှတ်ရေးထိုးခဲ့သည့် ကုလသမဂ္ဂ၏ လက်နက်ကုန်သွယ်မှုဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်သည် လက်နက်ငယ်များမှ တင့်ကား၊ တိုက်လေယာဉ်နှင့် စစ်သင်္ဘောအပါအဝင် သမားရိုးကျ လက်နက်များ ပြည်ပတင်ပို့ရောင်းချမှုနှင့် အကျုံးဝင်သော်လည်း အမေရိကန်အထက်လွှတ်တော်က အတည်ပြုခြင်း မရှိသေးသကဲ့သို့ အင်န်အာအေကလည်း ဆန့်ကျင်ခဲ့သည်။

အမေရိကန်၏ အချုပ်အခြာအာဏာကို ကာကွယ်ရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယပြင်ဆင်ချက်ပါ လွတ်လပ်ခွင့်များကို နိုင်ငံခြားဗျူရိုကရက်များက နင်းခြေမည်ကို မည်သည့်အခါမျှ ခွင့်မပြုနိုင်ကြောင်းထရမ့်က တွစ်တာ၌ ဖော်ပြခဲ့သည်။

ဒုတိယပြင်ဆင်ချက်အရ အခြေခံအားဖြင့် မိမိကိုယ်မိမိခုခံကာကွယ်ရန် အမေရိကန်ပြည်သူတိုင်းကို သေနတ်ကိုင်ဆောင်ခွင့် ပေးထားသည်။

စာချုပ်မှနုတ်ထွက်ကြောင်း အမေရိကန်၏ တရားဝင်အကြောင်းကြားစာကို ကုလသမဂ္ဂသည် မကြာမီရရှိမည် ဖြစ်ကြောင်းလည်း သမ္မတထရမ့်က ပြောဆိုခဲ့သည်။

အပြစ်မဲ့သူများကို လက်နက်များရန်မှကာကွယ်ရန် ရည်ရွယ်၍ နိုင်ငံတကာလက်နက်ကုန်သွယ်မှုကို ပထမဆုံးအကြိမ် ဥပဒေကြောင်းဖြင့် ချည်နှောင်သည့် ယင်းစာချုပ်တွင် နိုင်ငံ ၁၀၁ နိုင်ငံ တရားဝင်ပါဝင်နေပြီဖြစ်ပြီး အမေရိကန်အပါအဝင် ၂၉ နိုင်ငံမှာမူ စာချုပ်လက်မှတ်ရေးထိုးထားသော်လည်း တရားဝင်လိုက်နာမှု မရှိသေးပေ။

ထို့ပြင် ရုရှားနှင့်တရုတ်ကဲ့သို့ အဓိက လက်နက်တင်ပိ်ု့သူများ၊ အိန္ဒိယနှင့် အီဂျစ်ကဲ့သို့ အဓိကလက်နက်တင်သွင်းသူများလည်း စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိပေ။