ပရိသတ်မျှော်လင့်နေသည့် Avengers: Endgame ရုပ်ရှင်ကို မြောက်အမေရိက၌ ဧပြီ ၂၅ ရက်တွင် စတင်ပြသခဲ့ရာ တစ်ညတည်းဖြင့် ရုံဝင်ငွေ ဒေါ်လာ သန်း ၆၀ စံချိန်တင်ရရှိခဲ့ကြောင်း ဝေါ့ဒစ္စနေးရုပ်ရှင်ကုမ္ပဏီကပြောဆိုခဲ့သည်။
ယခင်က တစ်ညတည်းဖြင့် ရုံဝင်ငွေစံချိန်တင်ခဲ့သည့် ရုပ်ရှင်မှာ Star Wars:The Force Awakens ဖြစ်ပြီး ယင်းသည် ၂၀၁၅ ခုနှစ်တွင် ရုပ်ရှင်များစတင်ပြသလေ့ရှိသည့် ကြာသပတေးနေ့တစ်ညတည်းမှာပင် ရုံဝင်ငွေ ဒေါ်လာ သန်း ၅၇ သန်းရရှိခဲ့သည်။
ရုပ်ရှင်ပြသခဲ့သည့် ပထမဆုံးနှစ်ရက်မှာတင် ရုံဝင်ငွေ ဒေါ်လာ ၃၀၅ သန်းရရှိခဲ့ပြီဖြစ်ပြီး ယင်းရုံဝင်ငွေများအနက် ထက်ဝက်ကျော်မှာ တရုတ်နိုင်ငံမှရရှိခဲ့ခြင်းဖြစ်ကြောင်း ဒစ္စနေးက ဧပြီ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
Avengers: Endgame သည် အမေရိကန်တစ်နိုင်ငံတည်းမှာပင် ရုံဝင်ငွေ ဒေါ်လာ သန်း ၂၆၀ မှ ၃၀ဝ အထိရရှိနိုင်ပြီး ကမ္ဘာတစ်ဝန်း ရုံဝင်ငွေ ဒေါ်လာ သန်း ၈၀ဝ မှ တစ်ဘီလျံအထိရရှိနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။
နောက်ဆုံးရရှိသည့် ရုံဝင်ငွေပမာဏကို ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်ဖွယ်ရှိနေသည်။စကြဝဠာအာဏာရှင်သာနို့စ်ကို ကပ္ပတိန်အမေရိက၊ အိုင်းရွန်းမန်းဦးဆောင်သော လူစွမ်းကောင်းများက တန်ပြန်တိုက်ခိုက်ကြပုံနှင့် သာနို့စ်နှင့် Avengers တို့၏နောက်ဆုံး တိုက်ပွဲကို ရင်တမမဖြင့် ကြည့်ရှုရမည်ဖြစ်ပြီး Avengers အချို့သေဆုံးခဲ့ရသည့်အတွက် ပရိသတ်မျက်ရည်ကျရဦးမည့် ရုပ်ရှင်လည်းဖြစ်သည်။

















