စစ်အာဏာရှင်စနစ်ကို ဂုဏ်ပြုပြောဆိုခဲ့ပြီး အမျိုးသမီးများအပေါ် ချိုးနှိမ်သည့် စကားများပြောဆိုခဲ့ဖူးသည့် ဘရာဇီးသမ္မတ ဂျိုင်ယာဘိုဆိုနာရိုက ဘရာဇီးသည် လိင်တူချစ်သူများ ပျော်မြူးကျက်စားရာနေရာတစ်ခုမဖြစ်စေရဟု ပြောဆိုလိုက်ပြီဖြစ်သည်။
ဘရာဇီးသို့လာရောက်ပြီး အမျိ်ုးသမီးတစ်ဦးနှင့် လိင်ဆက်ဆံလိုပါက တစ်သက်လုံးလာနေလို့ရကြောင်း ဘိုဆိုနာရိုက ပြောဆိုခဲ့သည်ဟု ခရူးဆိုးမဂ္ဂဇင်းကဖော်ပြခဲ့သည်။သို့သော် ဘရာဇီးသည် လိင်တူချစ်သူများ၏ခိုလှုံရာကမ္ဘာတစ်ခုမဖြစ်နိုင်ကြောင်း၊ ဘရာဇီးတွင် မိသားစုများရှိနေကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။
လိင်တူချစ်မှုကိုမုန်းတီးကြောင်း ဘိုဆိုနာရိုကပြောဆိုခဲ့သည့်အတွက် ဝေဖန်ပြောဆိုမှုများရှိခဲ့ပြီးဖြစ်သည်။ နိ်ုင်ငံမြို့တော် ဘရာစီးလျား၌ သတင်းထောက်များနှင့်တွေ့ဆုံစဉ် ဘိုဆိုနာရိုက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ဘိုဆိုနာရို၏ပြောဆိုမှုနှင့်ပတ်သက်၍ ဘရာဇီးရှိ ယောကျာ်းလျာ၊ မိန်းမလျာ၊ လိင်နှစ်မျိုးလုံးနှစ်သက်သူနှင့် လိင်ပြောင်းအသိုက်အဝန်းတို့က ဝေဖန်ပြောဆိုခဲ့ကြသည်။
နိုင်ငံခေါင်းဆောင်တစ်ဦး၏သိက္ခာရှိသော အပြောအဆိုမဟုတ်ကြောင်း၊ တစ်နိုင်ငံလုံး အရှက်ရစရာဖြစ်ကြောင်း ရီယိုဒီဂျနေရိုမြို့ အုပ်ချုပ်ရေးကောင်စီဝင် ဒေးဗစ် မီရန်ဒါကပြောဆိုခဲ့သည်။
စစ်တပ်မှ အရာရှိဟောင်း ဘိုဆိုနာရိုသည် လူမျိုးရေးခွဲခြားပြီး လိင်တူမုန်းတီးကာ အမျိုးသမီးများအပေါ် စော်ကားသော အပြောအဆိုများရှိခဲ့မှုကြောင့် ဝေဖန်ပြစ်တင်ခံခဲ့ရပြီးဖြစ်သည်။
လိင်တူချစ်သည့် သားတစ်ဦးရှိနေခြင်းထက် ယင်းသား သေဆုံးသွားသည်ကို ပိုမိုလိုလားကြောင်း ဘိုဆိုနာရိုက ယခင်ကပြောဆိုခဲ့ဖူးသည်။

















