ကမ္ဘာတစ်ဝန်း လူများ ဒေါသပိုကြီး၊ စိတ်ပိုဖိစီးပြီး ပိုပူပန်နေရကြောင်း စစ်တမ်းဖော်ပြ

ကမ္ဘာတစ်ဝန်း လူများ ဒေါသပိုကြီး၊ စိတ်ပိုဖိစီးပြီး ပိုပူပန်နေရကြောင်း စစ်တမ်းဖော်ပြ

ကမ္ဘာတစ်ဝန်းရှိ လူများ ပိုမိုဒေါသကြီး၊ စိတ်ဖိစီးပြီး ပူပန်မှုရှိလာကြောင်း ဂဲလပ်ကမ္ဘာလုံးဆိုင်ရာစိတ်ခံစားချက်အစီရင်ခံစာတွင်ဖော်ပြထားသည်။

နိုင်ငံ ၁၄၀ ကျော်မှ လူ ၁၅၀ဝ၀ဝ ခန့်ကို မေးမြန်းပြီး စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။စစ်တမ်းဖြေဆိုသူသုံးပုံတစ်ပုံက ၎င်းတို့သည် စိတ်ဖိစီးနေကြောင်း ပြောဆိုခဲ့ပြီး ငါးဦးလျှင် တစ်ဦးက ဝမ်းနည်းမှုသို့မဟုတ် ဒေါသဖြစ်မှုရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။

နှစ်စဉ်ထုတ်ပြန်နေကျ ဂဲလပ်ကမ္ဘာလုံးဆိုင်ရာစိတ်ခံစားချက်အစီရင်ခံစာအတွက် လူများ၏အပြုသဘောနှင့် အဆိုးသဘောအတွေ့အကြုံများကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

ကမ္ဘာပေါ်တွင် အဆိုးမြင်သူအများဆုံးနိုင်ငံမှာ ချက်နိုင်ငံဖြစ်ပြီး ယင်းနောက်တွင် နိုင်ဂျာက ဒုတိယနေရာတွင် ရပ်တည်နေသည်။ ကမ္ဘာပေါ်တွင် အပြုသဘောဆောင်သည့် အမြင်အရှိဆုံးနိုင်ငံမှာ ပါရာဂွေးဖြစ်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

အပြုသဘောဆောင်သော အမြင်ရှိသည့် နိုင်ငံများတွင် အမေရိကန်ပြည်ထောင်စုသည် အဆင့် ၃၉ ၊ ဗြိတိ်န်သည် အဆင့် ၄၆ နှင့် အိန္ဒိယသည် အဆင့် ၉၃ တို့ဖြင့် အသီးသီးရပ်တည်နေသည်။ စစ်တမ်းတွင်ပါဝင်သူများအား ယမန်နေ့က မည်မျှပြုံးခဲ့၊ ရယ်ခဲ့ရပုံအပါအဝင် စိတ်ခံစားချက်ဆို်ုင်ရာမေးခွန်းများကို မေးမြန်းခဲ့သည်။

ထို့ပြင် စစ်တမ်းဖြေဆိုသူများ၏နေ့စဉ်ဘဝအတွေ့အကြုံများကို ခန့်မှန်းမိစေရန်အတွက် လေးလေးစားစားဆက်ဆံခံခဲ့ရခြင်းရှိမရှိကိုလည်း မေးမြန်းခဲ့သည်။

စစ်တမ်းမဖြေဆိုမီတစ်ရက်အလိုတွင် ပျော်ရွှင်မှုရှိခဲ့ကြောင်း စစ်တမ်းဖြေဆိုသူ ၇၁ ရာခိုင်နှုန်းတို့ကပြောဆိုခဲ့သည်။ထို့ပြင် စိတ်ဖိစီးမှုနှင့် ပူပန်မှုများလည်းရှိနေကြောင်း စစ်တမ်းဖြေဆိုသူများကပြောဆိုခဲ့သည်။

စစ်တမ်းဖြေဆိုသူများအနက် ၃၉ ရာခိ်ုင်နှုန်းတို့က စစ်တမ်းမဖြေဆိုမီတစ်ရက်အလိုနေ့တွင် စိတ်ပူပန်သည့် ခံစားချက်ရှိခဲ့ကြောင်း ပြောဆိုခဲ့ပြီး ၃၅ ရာခိုင်နှုန်းက စိတ်ဖိစီးခဲ့ကြောင်း ပြောဆိုခဲ့သည်။

အပြုသဘောဆောင်သော အတွေ့အကြုံများရှိခဲ့ကြောင်း ပြောဆိုခဲ့သည့် ထိပ်တန်းငါးနိုင်ငံမှာ ပါရာဂွေး၊ ပနားမား၊ ဂွာတီမာလာ၊ မက္ကဆီကိုနှင့် အယ်လ်ဆာဗေဒေါတို့ဖြစ်ကြသည်။

အဆိုးမြင်သဘောဆောင်သော အတွေ့အကြုံများရှိခဲ့ကြောင်း ပြောဆိုခဲ့သည့် ထိပ်တန်းငါးနိုင်ငံတို့မှာ ချက်၊ နိုင်ဂျာ၊ ဆီရာရာလီယွန်၊ အီရတ်နှင့် အီရန်တို့ဖြစ်ကြသည်။

အပြုသဘောဆောင်သော အမြင်ရှိသည့် ထိပ်တန်းနိ်ုင်ငံများမှာ လက်တင်အမေရိကနိုင်ငံများဖြစ်သောကြောင့် ယင်းနိုင်ငံများ၏ထုံးစံအတိုင်း ဘဝ၏အကောင်းဘက်အခြမ်းကိုသာ တွေးတတ်မြင်တတ်သည့် ဓလေ့ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

အဆိုးမြင်မှုနှင့်ပတ်သက်လျှင် ထိပ်တန်းကဦးဆောင်နေသည့် ချက်နိုင်ငံ၌ စစ်တမ်းဖြေဆိုသူ ၁၀ ဦးတွင် ခုနစ်ဦးကျော်က ယမန်နှစ်အတွင်း အစားအစာရရှိရန် ရုန်းကန်ခဲ့ရကြောင်း ပြောဆိုခဲ့သည်။

ချက်နိုင်ငံသား ၆၁ ရာခိုင်နှုန်းသည် ရုပ်ပိုင်းနာကျင်မှုခံစားခဲ့ရကြောင်း ပြောဆိုခဲ့သည်။