ဧပြီ ၂၈ ရက်တွင် ပြုလုပ်မည့် လန်ဒန်မာရသွန်ပြိုင်ပွဲအတွင်း ပလတ်စတစ်အမှိုက်များစုပုံမနေစေရေးအတွက် ကြိုတင်ပြင်ဆင်မှုများကိုပြုလုပ်ထားပြီးဖြစ်သည်။
မြို့တော်တစ်ဝိုက် ၂၆ ဒသမ ၂ မိုင်ခရီး အပြေးပြိုင်ပွဲတွင် လူ ထောင်သောင်းပေါင်းများစွာဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ လန်ဒန်မာရသွန်သည် လာရောက်ကြည့်ရှုသူများနှင့် အပြေးသမားများချန်ထားခဲ့သည့် ပလတ်စတစ်ရေဗူးများအပါအဝင် ပလတ်စတစ်အမှိုက်များကြောင့်လည်း နာမည်ကြီးခဲ့သည်။
ယမန်နှစ်တွင် ပြုလုပ်ခဲ့သည့် မာရသွန်ပြီးနောက် ဝက်စ်မင်စတာမြို့ကောင်စီသည် အမှိုက် ၅၂၀ဝ ကီလိုဂရမ်ကိုကောက်ယူခဲ့ရပြီး ပလတ်စတစ်ဗူး ၄၇၀ဝ၀ အပါအဝင် အမှိုက် ၃၅၀ဝ ကီလိုဂရမ်ကို Recycleပြန်လည်လုပ်ယူခဲ့ရသည်။
ရာသီဥတုပိုမိုပူပြင်းပါက ယခုနှစ်တွင် အမှိုက်ပမာဏပိုများလာနိုင်ကြောင်း ကောင်စီက သတိပေးထားသည်။
ယခုနှစ်မာရသွန်တွင် အမှိုက်ပမာဏလျှော့ချနိုင်ရန် ကြိုတင်စီစဉ်မှုများပြုလုပ်ထားသည်။သောက်ရေပေးဝေသည့် စခန်းငယ်ပမာဏကို ၂၆ ခုမှ ၁၉ ခုအထိ လျှော့ချထားပြီး ပလတ်စတစ်ရေဗူးပမာဏကို ၂၁၅၀ဝ၀ လျှော့ချထားသည်။
Recycleလုပ်ထားသည့် ပလတ်စတစ်ဖြင့်ပြုလုပ်ထားသော ရေဗူးထည့်နိုင်သော ခါးပတ်များကို စမ်းသပ်ပေးဝေမည်ဖြစ်သောကြောင့် အပြေးသမား ၇၀ဝ သည် ၂၅၀ မီလီလီတာဝင်ရေဗူးများကို ပြေးနေစဉ်ယူဆောင်လို့ရမည်ဖြစ်သည်။
လမ်းညွှန်ချက်များကို စာရွက်များဖြင့် ပေးဝေမည့်အစား ဒီဂျစ်တယ်နည်းဖြင့်သာ ဖြန့်ချိမည်ဖြစ်သည်။ ၁၀ဝ သို့မဟုတ် ၅၀ ရာခိုင်နှုန်း Recycleလုပ်ထားသော ပလတ်စတစ်များဖြင့်ပြုလုပ်ထားသော ပလတ်စတစ်ဗူးများကိုသာ ဖြန့်ချိပေးမည်ဖြစ်သည်။
ရေဗူးချိတ်နိုင်သည့် ခါးပတ်ကိုစမ်းသပ်မှုကြောင့် ပြေးလမ်းတစ်လျှောက် အသုံးပြုသည့် ရေဗူးပမာဏလျော့ကျသွားနိုင်ကြောင်း လန်ဒန်မာရသွန်ဖြစ်မြောက်ရေးအဖွဲ့ခေါင်းဆောင် ဟုဘရာစ်နာကပြောဆိုခဲ့သည်။
ရေဗူးဝေငှသည့် စခန်းများကို လျှော့ချခြင်းသည် ကောင်းမွန်သော စိတ်ကူးဖြစ်ကြောင်း၊ အပြေးသမားတစ်ဦးသည် တစ်မိုင်ပြေးပြီးတိုင်း ရေသောက်ရန်မလိုအပ်ကြောင်း ပါဝင်ယှဉ်ပြိုင်မည့် မိုက် ရော်ဘင်ဆင်ကပြောဆိုခဲ့သည်။
သို့သော် ရေဗူးချိတ်နိုင်သည့် ခါးပတ်များကိုစမ်းသပ်ဖြန့်ချိခြင်းသည် အချိန်နှောင်းနေကြောင်း၊ ခါးပတ်များကို အသုံးပြုမည်ဖြစ်ကြောင်း ကြေညာချက်ကို စောစီးစွာထုတ်ထားပါက အပြေးသမားများသည် ကျင့်သားရစေရန် လေ့ကျင့်ချိန်တွင် ခါးပတ်ကိုပတ်ပြီး လေ့ကျင့်ခွင့်ရသွားနိုင်ကြောင်း ၎င်းကဝေဖန်ပြောဆိုခဲ့သည်။
ပလတ်စတစ်ရေဗူးများထက် စက္ကူခွက်များကိုသာ ဝေငှသင့်ကြောင်း မာရသွန်ပြေးပွဲခြောက်ပွဲနှင့် ခုနှစ်ပွဲအသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသည့် ဟာရဲဂရိဗ်နှင့် စင်ဒီရွိုင်းတို့ကပြောဆိုခဲ့သည်။

















