အီစတာတနင်္ဂနွေ ဗုံးခွဲမည့်အကြံ အိန္ဒိယရဲထောက်လှမ်းရေး ကြိုတင်သတင်းပေးသော်လည်း သီရိလင်္ကာအရေးမယူခဲ့ဟုဆို

အီစတာတနင်္ဂနွေ ဗုံးခွဲမည့်အကြံ အိန္ဒိယရဲထောက်လှမ်းရေး ကြိုတင်သတင်းပေးသော်လည်း သီရိလင်္ကာအရေးမယူခဲ့ဟုဆို

သီရိလင်္ကာနိုင်ငံ၌ ဧပြီ ၂၁ ရက်က ဖြစ်ပွားခဲ့သည့် အီစတာတနင်္ဂနွေဗုံးခွဲမှုအကြံအစည်နှင့်ပတ်သက်၍ ရရှိသည့် သတင်းကို အိန္ဒိယရဲတပ်ဖွဲ့က ပေးပို့ခဲ့သော်လည်း သီရိလင်္ကာအစိုးရက အရေးယူဆောင်ရွက်ခဲ့ခြင်းမရှိဟု အိန္ဒိယဘက်က ပြောဆိုလိုက်သည်။

နေရှင်နယ်တိုးဟိဒ်ဂျာမက်အမည်ရှိ သီရိလင်္ကာအခြေစိ်ုက် အိုင်အက်စ်နောက်ခံပြုအုပ်စု၏ ဆက်သွယ်ရေးကို အိန္ဒိယရဲတပ်ဖွဲ့က ထိုးဖောက်၍ ၄င်းအုပ်စု၏အစီအစဉ်အသေးစိတ်ကို သီရိလင်္ကာအစိုးရထံ မျှဝေခဲ့ကြောင်း နယူးဒေလီရှိ ပဋိပက္ခစီမံမှုကောလိပ်မှ အမှုဆောင်ညွန်ကြားရေးမှူး အာဂျိုင်ဆာနီက ပြောဆိုခဲ့သည်။

တိုက်ခိုက်မှုရှိနိုင်ကြောင်း ရှေးဦးသတိပေးချက်ကို ထောက်လှမ်းရေးအဖွဲ့များရရှိခဲ့ကြောင်း သီရိလင်္ကာ ထိပ်တန်းအရာရှိများက အသိအမှတ်ပြုခဲ့ပြီး ဖြစ်စဉ်ကိုကာကွယ်ရန် ဆောင်ရွက်မှုအနည်းငယ်သာ ရှိခဲ့ကြောင်း ပြောဆိုထားသည်။

သီရိလင်္ကာသမ္မတ မိုင်သရီပါလာ သီရိသေနာနှင့် ဝန်ကြီးချုပ် ရာနီး ဝိကာရာမသင်္ဃတို့က ၄င်းတို့သည် တိုက်ခိုက်မှုဖြစ်ပွားပြီးမှသာ ယင်းသတင်းကို သိရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။

သမ္မတသီရိသေနာသည် ယမန်နှစ်က ဝန်ကြီးချုပ် ရာမသင်္ဃအား ထုတ်ပယ်ရန်ကြိုးပမ်းခဲ့ဖူး၍ ၄င်းတို့ချင်း နိုင်ငံရေးအရ မသင့်မြတ်ကြပေ။

ထူးခြားသည့်သတင်းအတွက် တုံ့ပြန်ချက်ပျောက်ဆုံးခဲ့၍ စုံစမ်းစစ်ဆေးရမည်ဖြစ်ကြောင်း ရာမသင်္ဃက ပြောဆိုခဲ့သည်။ အိန္ဒိယထောက်လှမ်းရေးသတင်းသည် ဧပြီ ၄ ရက်၌ ရရှိခဲ့ရာ ဗုံးပေါက်ကွဲမှုမတိုင်မီ နှစ်ပတ်ကျော်ကဖြစ်သည်။

ယင်းသတင်းကို ဒုတိယစုံစမ်းရေးမှူးချုပ်က အနည်းဆုံးလုံခြုံရေးတပ်ဖွဲ့ ညွန်ကြားရေးမှူးလေးဦးထံ ဖြန့်ဝေခဲ့ကြောင်း၊ ထို့ပြင် အိန္ဒိယဘက်မှ နောက်ဆုံး ထောက်လှမ်းရေးသတိပေးချက်သည် ဧပြီ ၂၁ ရက် ပေါက်ကွဲမှုမဖြစ်မီတွင် ထပ်မံရရှိခဲ့ကြောင်းလည်း သတင်းက ဖော်ပြခဲ့သည်။

ယင်းသတင်းများကြောင့် သီရိလင်္ကာ၏ ရှည်ကြာသည့်ပြည်တွင်းစစ်အတွင်း ယခင်သမ္မတဟောင်း မဟိန္ဒာရာဇပါကသ ဖန်တီးခဲ့သည့် သူပုန်များ၏တိုက်ခိုက်မှုကို လျင်မြန်စွာ တုံ့ပြန်သည့်စနစ် ပျက်ယွင်းခဲ့ရခြင်းအပေါ် အပြစ်ဖို့မှုများ၊ အငြင်းပွားမှုများလည်း ပေါ်ပေါက်ခဲ့သည်။

အိန္ဒိယပြည်ပထောက်လှမ်းရေးသည် ၁၉၇၀ ခုနှစ်များက သီရိလင်္ကာမှ တမီလ်ကျားအဖွဲ့ကို ထောက်ခံခဲ့သော်လည်း တမီလ်ကျားတို့က အကြမ်းဖက်မှုများကျူးလွန်လာသည့်နောက် ၁၉၈၀ ခုနှစ်များတွင် ထောက်ပံ့မှု ပြန်လည်ရုပ်သိမ်းခဲ့သည်။

၁၉၈၇ ခုနှစ်တွင် အိန္ဒိယငြိမ်းချမ်းရေးတပ်ဖွဲ့များ သီရိလင်္ကာတောင်ပိုင်း၌ ချထားရန် နှစ်နိုင်ငံသဘောတူခဲ့ပြီး ၁၉၉၁ ခုနှစ်၌ အိန္ဒိယဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီသည် တမီလ်ကျားအဖွဲ့ဝင်တစ်ဦး၏ အသေခံဗုံးခွဲလုပ်ကြံခြင်း ခံခဲ့ရသည်။

သီရိလင်္ကာနှင့် အိန္ဒိယတို့သည် နှစ်ထောင်ချီ ပထဝီဝင်နှင့် ယဉ်ကျေးမှုချင်း ဆက်နွှယ်ခဲ့ကြပြီး သီရိလင်္ကာကို တရုတ်ကျူးကျော်နိုင်ခြေတွင် မြေကတုတ်အဖြစ် ရှုမြင်သည့် အိန္ဒိယသည် အရေးကြီး ထောက်လှမ်းရေးသတင်းများကို သီရိလင်္ကာထံ ဝေမျှပေးလေ့ရှိသည်။

ဧပြီ ၂၁ ရက်တိုက်ခိုက်မှုဖြစ်ပွားပြီးမကြာမီ အိန္ဒိယသည် ပါ့လ်ခ်ရေလက်ကြား၌ ရေတပ် ဖြန့်ချခဲ့သည်။