အမေရိကန်ဂျူးဘုရားကျောင်းအတွင်း ၁၉ နှစ်ရွယ်လူငယ် ဝင်ရောက်ပစ်ခတ်၍ အမျိုးသမီးတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

အမေရိကန်ဂျူးဘုရားကျောင်းအတွင်း ၁၉ နှစ်ရွယ်လူငယ် ဝင်ရောက်ပစ်ခတ်၍ အမျိုးသမီးတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

အမေရိကန်နိုင်ငံ ဆန်ဒီယေးဂိုးမြို့အနီးရှိ ဂျူးဘုရားကျောင်းတစ်ခုအတွင်း ၁၉ နှစ်ရွယ် လူငယ်တစ်ဦးက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်၍ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ဂျူးတရားဟောဆရာနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
 

ဂျူးတို့၏ အဓိကအားလပ်ရက်နောက်ဆုံးနေ့ ဧပြီ ၂၇ ရက်က ပိုဝေးမြို့ ချာဘက်ဘုရားကျောင်းအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ပစ်ခတ်သူသည် ဂျွန်အားနက်ဆိုသူဖြစ်၍ အေအာရ် ၁၅ ပုံစံ တစ်ဝက်မောင်းပြန်ရိုင်ဖယ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုသည်။

၄င်းအား လုံခြုံရေးဝန်ထမ်းတစ်ဦးက ပြန်လည်ပစ်ခတ်မှုကြောင့် ထွက်ပြေးခဲ့ပြီး ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးခဲ့ရာ ကားမောင်းထွက်ပြေးသည့် အားနက်သည် အဖမ်းခံခဲ့သည်။

အားနက်၏အိမ်ကိုလည်း ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ ၄င်းသည် ပစ်ခတ်မှုမပြုမီ တစ်နာရီအလိုက ဂျူးဆန့်ကျင်ရေးကြွေးကြော်သံတစ်ခု အွန်လိုင်းပေါ် တင်ခဲ့ကြောင်း၊ အခြားရာဇဝတ်မှုကျူးလွန်ဖူးသည့် မှတ်တမ်းမရှိသော်လည်း လွန်ခဲ့သည့်လက အက်စ်ကွန်ဒီဒိုအနီးရှိ ဗလီတစ်လုံး မီးလောင်မှုနှင့် ပတ်သက်ခဲ့ပုံရကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

ယခုဖြစ်ရပ်သည် အမေရိကန်သမိုင်းတွင် ဂျူးများအား အဆိုးရွားဆုံးတိုက်ခိုက်မှုဖြစ်သည့် ပစ္စဘတ်ဂျူးဘုရားကျောင်း တိုက်ခိုက်ခံရ၍ ၁၁ ဦးသေဆုံးခဲ့ရသည့်အဖြစ်ပြီးနောက် ခြောက်လအကြာတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ယင်းသည် ဂျူးနှင့်အာရပ်နွယ်ဖွားမလိုလားသည့်လုပ်ရပ်ဖြစ်ကြောင်း သမ္မတထရမ့်နှင့် ရွေးကောက်ခံနိုင်ငံရေးသမားအချို့က ကင်ပွန်းတပ်ထားသည်။

ပစ္စဘတ်မှကြောက်မက်ဖွယ်ပစ်ခတ်မှုအပြီး ခြောက်လအကြာတွင် ပေါ်ပေါက်လာသည့် နောက်ထပ် ဂျူးနှင့်အာရပ် ဆန့်ကျင်တိုက်ခိုက်မှုကို မိမိတို့ထိပ်တိုက်ရင်ဆိုင်ခဲ့ရပြီဖြစ်ကြောင်း၊ အမုန်းတရားနှင့် တိုက်ခိုက်ခံခဲ့ရသည့် ဂျူးအသိုင်းအဝိုင်းနှင့်အတူ မိမိတို့ရပ်တည်မည်ဖြစ်ကြောင်း အောက်လွှတ်တော်ဥက္ကဌ၊ ဒီမိုကရက်အများစုခေါင်းဆောင် နန်စီ ပလိုစီက ထုတ်ပြန်ခဲ့သည်။

ဂျွန်အားနက်သည် ဆန်မာကို့စ်ရှိ ကာလီဖိုးနီးယားတက္ကသိုလ်မှ ကျောင်းသားတစ်ဦးလည်းဖြစ်ခဲ့သည်။၄င်း၏ပစ်ခတ်မှုသည် အမုန်းစိတ်ဖြင့်ကျူးလွန်သည့် ရာဇဝတ်မှုဟု သမ္မတထရမ့်က ပြောဆိုလိုက်ပြီး ထိခိုက်သူများအတွက် စာနာမှု ဖော်ပြခဲ့သည်။

၄င်း၏သေနတ်သည် ချွတ်ယွင်းသွားပုံရကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့ပြီး ရဲတပ်ဖွဲ့၏ တုံ့ပြန်ဆောင်ရွက်ပုံကို လည်း သမ္မတထရမ့်က ချီးကျူးခဲ့သည်။