အာမေးနီးယားလွှတ်တော်၌ မိန့်ခွန်းပြောဆိုခဲ့သည့် လိင်ပြောင်းအမျိုးသမီး ခြိမ်းခြောက်မှုများနှင့်ကြုံနေရ

အာမေးနီးယားလွှတ်တော်၌ မိန့်ခွန်းပြောဆိုခဲ့သည့် လိင်ပြောင်းအမျိုးသမီး ခြိမ်းခြောက်မှုများနှင့်ကြုံနေရ

အာမေးနီးယားနိုင်ငံ၌ လိင်ပြောင်းများ အခွင့်အရေးချိုးဖောက်ခံနေရကြောင်း လွှတ်တော်၌ သုံးမိနစ်ကြာ မိန့်ခွန်းပြောဆိုခဲ့သည့် လိင်ပြောင်းအမျိုးသမီး လီလစ် မာတီရိုစီယံသည် သတ်ဖြတ်မည်ဟု ခြိမ်းခြောက်မှုများကို ကြုံတွေ့နေရပြီး အသက်အန္တရာယ်အတွက် နေအိမ်မှပင် ထွက်ခွာရန် တွန့်ဆုတ်နေရပြီဖြစ်သည်။

ဧပြီ ၅ ရက်တွင် မာတီရိုစီယံသည် လွှတ်တော်လူ့အခွင့်အရေးကော်မရှင်ရှေ့မှောက်၌ မိန့်ခွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။လိင်ပြောင်းအခွင့်အရေးချိုးဖောက်ခံရမှု ၂၈၃ မှုရှိခဲ့ကြောင်း Right Side အမည်ရှိ လိင်ပြောင်းအခွင့်အရေးအဖွဲ့ကိုတည်ထောင်ထားသည့် မာတီရိုစီယံက ပြောဆိုခဲ့သည်။

ယင်းကြောင့် အာမေးနီးယား၌ ရာဇဝတ်မှုကျူးလွန်သူ ၂၈၃ ဦးသည် လူ့အဖွဲ့အစည်းတွင်းနေထိ်ုင်နေပြီး ၂၈၄ ဦးမြောက်သည် မနက်ဖြန်တွင် ကြီးလေးသော ရာဇဝတ်မှုတစ်ခုခုကိုကျူးလွန်လာနိုင်သည် မနိုင်သည်ကို မည်သူမျှမသိနိုင်ကြောင်း မာတီရိုစီယံက မိန့်ခွန်းတွင်ထည့်သွင်းပြောဆိုခဲ့သည်။

မာတီရိုစီယံ၏မိန့်ခွန်းနှင့်ပတ်သက်၍ မကျေနပ်ကြောင်း အမတ်များက ချက်ချင်းပင်တုံ့ပြန်ခဲ့ကြသည်။ မာတီရိုစီယံသည် ကြားနာစစ်ဆေးမှုကို ဖျက်လိုဖျက်ဆီးလုပ်ခဲ့ပြီး လွှတ်တော်အပေါ် မလေးမစားလုပ်ခဲ့ကြောင်း ကော်မတီဥက္ကဋ္ဌကပြောဆိုခဲ့သည်။

နောက်တစ်နေ့တွင် လွှတ်တော်ရှေ့၌ လူရာပေါင်းများစွာ ဆန္ဒပြပြီး မာတီရိုစီယံ မိန့်ခွန်းပြောခဲ့သည့် စင်ငယ်ကို ပိုးသတ်ကာ ဖျက်ဆီးပစ်ရန် တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြသူတစ်ဦးက ကင်မရာရှေ့တွင် ဓားပုံကိုကပ်ပြီး ယင်းဖြင့် လိင်ပြောင်းများကို တိုက်ခိုက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အာမေးနီးယားသည် လိင်တူချစ်မှုအား ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားခြင်းကို ၂၀ဝ၃ ခုနှစ်တွင် ဖျက်သိမ်းခဲ့သော်လည်း နိုင်ငံတွင်း ယောကျာ်းလျာ၊ မိန်းမလျာ၊ လိင်နှစ်မျိုးလုံးနှစ်သက်သူနှင့် လိင်ပြောင်းများ(LGBT) ၏အခွင့်အရေးကို အသိအမှတ်ပြုခြင်းမရှိသေးချေ။

တာဝန်ထမ်းဆောင်ချိန်မှစ၍ ဝန်ကြီးချုပ် နီကိုး ပါရှီနီးယန်းသည် LGBT အရေးကိစ္စနှင့်ပတ်သက်၍ ခေါင်းရှောင်ခဲ့သည်။ LGBT အရေးသည် လာမည့် ၁၀ နှစ်၊ နှစ် ၂၀ နှင့် နှစ် ၃၀ ခန့်တွင်သာ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ပြီး ယခုလောလောဆယ်တွင် ခေါင်းခဲရမည့် ကိစ္စမဟုတ်ကြောင်း ပါရှီနီးယန်းကပြောဆိုခဲ့သည်။