ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတွင် နောက်ထပ်နိုင်ငံများ ပူးပေါင်းလာကြရေး တရုတ်သမ္မတရှီ နှိုးဆော်

ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတွင် နောက်ထပ်နိုင်ငံများ ပူးပေါင်းလာကြရေး တရုတ်သမ္မတရှီ နှိုးဆော်

ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်း၏ ကျယ်ပြန့်လှသောအခြေခံအဆောက်အအုံစီမံကိန်းများတွင် နောက်ထပ် နိုင်ငံအများ ပူးပေါင်းပါဝင်လာရေးတရုတ်သမ္မတရှီကျင့်ဖျင်ကဧပြီ ၂၇ ရက်တွင် နှိုးဆော်တိုက်တွန်းလိုက်သည်။
 

ဒေါ်လာဘီလျံပေါင်းများစွာအသုံးပြုမည့် ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းအတွက် နိုင်ငံတကာခေါင်းဆောင်များနှင့် ပေကျင်းတွင် တွေ့ဆုံစဉ် သမ္မတရှီက နှိုးဆော်လိုက်ခြင်း ဖြစ်သည်။

အစည်းအဝေးကို နှစ်ရက်ကြာကျင်းပခဲ့ပြီး ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အခြားနိုင်ငံခေါင်းဆောင် အများအပြားကစီမံကိန်းကိုထောက်ခံကြိုဆိုခဲ့ကြသဖြင့် တရုတ်သြဇာကြီးလာမည်ကိုစိုးရိမ်လျက်ရှိသောအမေရိကန်အစိုးရအတွက်လည်းထိုးနှက်ချက်ကြီး ဖြစ်ခဲ့သည်။

ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံငယ်များအကြွေးနွံနစ်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မည့် စီမံကိန်းများပေါ်ပေါက်လာနိုင်ခြင်းဝေဖန်မှုများထွက်ပေါ်နေခြင်းကိုလည်း သမ္မတရှီကရှင်းလင်းပြောကြားခဲ့သည်။

စီမံကိန်းသည် ယုံကြည်စိတ်ချရ၍ အရည်အသွေးမြင့် ဘဏ္ဍာရေးစနစ်၊ သဘာဝပတ်ဝန်းကျင် အကဲဖြတ်စနစ်များနှင့်အခြားပွင့်လင်းမြင်သာစံချိန်စံညွှန်းများအသုံးပြုသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

“နောက်ထပ်နိုင်ငံတွေ  အများကြီး၊ ကုမ္ပဏီတွေ အများကြီးပူးပေါင်းပါဝင်လာစေချင်ပါတယ်”ဟုသမ္မတရှီကပေကျင်းမြို့ အစိုးရခန်းမဆောင်တွင် ပြောကြားသည်။

ရပ်ဝန်းနှင့်ပိုးလမ်းမ  စီမံကိန်းတွင် တရုတ်ထံမှ ချေးငွေယူကာဆိပ်ကမ်း၊ ရထားလမ်းနှင့် အခြားအခြေခံအဆောက်အအုံများတည်ဆောက်ကြမည့် နိုင်ငံငယ်များသည် အကြွေးနွံနစ်သွားနိုင်သည်ဟုဝေဖန်မှုများကိုလည်းသမ္မတရှီကတုံ့ပြန်ကာ “အားလုံးညီတူအကျိုးရှိကြဖို့ အလုပ်လုပ်မည်” ဟုဆိုထားသည်။