အင်ဒိုနီးရှားနိုင်ငံ၌ တစ်ရက်တည်းကျင်းပခဲ့သည့် ရွေးကောက်ပွဲပြီးနောက် ၁၀ ရက်အကြာတွင် မဲပြားသန်းပေါင်းများစွာကို နာရီပေါင်းများစွာ လက်ဖြင့်ရေတွက်မှတ်သားရမှုကြောင့် အလုပ်ပင်ပန်းနွမ်းနယ်လွန်းသဖြင့် ရွေးကောက်ပွဲကော်မရှင်လက်အောက်ရှိ ဝန်ထမ်း ၂၇၀ ကျော်သည် နေထိုင်မကောင်းဖြစ်ကာ သေဆုံးခဲ့ကြောင်း အစိုးရအရာရှိတစ်ဦးက ဧပြီ ၂၈ ရက်တွင် ပြောဆိုခဲ့သည်။
ဧပြီ ၁၇ ရက်တွင် လူဦးရေ ၂၆၀ ခန့်ရှိသော အင်ဒိုနီးရှား၌ သမ္မတ၊ အမျိုးသားနှင့် ဒေသဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲများကို ကျင်းပခဲ့သည်။
မဲပေးမှုသည် ငြိမ်းချမ်းစွာပြီးဆုံးခဲ့ပြီး မဲပေးခွင့်ရှိသူ ၁၉၃ သန်းအနက် ၈၀ ရာခိ်ုင်နှုန်းလာရောက်မဲပေးခဲ့သည်။ မဲဆန္ဒရှင်တစ်ဦးသည် မဲပြားငါးခုအထိ မဲပေးခဲ့ရသည်။နိုင်ငံတစ်ဝန်း မဲရုံး ၈၀ဝ၀ဝ၀ ကျော်ရှိခဲ့သည်။
နိုင်ငံအနောက်ပိုင်းမှ အရှေ့ဖျားအထိ ကီလိုမီတာ ၅၀ဝ၀( မိုင် ၃၀ဝ၀) ကျော်အကွာအဝေးတစ်လျှောက် မဲပေးချိန် ရှစ်နာရီကြာ စောင့်ကြည့်တာဝန်ထမ်းဆောင်ရခြင်းသည် အလွန်အမင်းပင်ပန်းသော အလုပ်ဖြစ်သည်။
ဧပြီ ၂၇ ရက်အထိ ရွေးကောက်ပွဲဝန်ထမ်း ၂၇၂ ဦးသည် အလွန်အမင်းအလုပ်လုပ်ကိုင်ရမှုနှင့်ဆက်စပ်ပြီး ဖျားနာရာမှတစ်ဆင့် သေဆုံးခဲ့ပြီး ၁၈၇၈ ဦးသည် ကျန်းမာရေးအလွန်အမင်းဆိုးရွားခဲ့ကြောင်း အထွေထွေရွေးကောက်ပွဲကော်မရှင်( ကေပီယူ)၏ပြောခွင့်ရှိသူ အရီယက် ပရီယို ဆူဆန်တိုကပြောဆိုခဲ့သည်။
ဆေးရုံဆေးပေးခန်းများအနေဖြင့် ရွေးကောက်ပွဲဝန်ထမ်းများအား အကောင်းဆုံးစောင့်ရှောက်ရန် ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၃ ရက်တွင် ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။
ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ကွယ်လွန်သူများ၏ကျန်ရစ်သူမိသားစုများအား ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
သေဆုံးသူများပြားမှုကြောင့် ကေပီယူ ဝေဖန်ခံနေရပြီဖြစ်သည်။ ကေပီယူသည် ဝန်ထမ်းများအလုပ်မပိစေရန် စီမံနိုင်ခြင်းမရှိခဲ့ကြောင်း အတိုက်အခံ သမ္မတကိုယ်စားလှယ်လောင်း ပရာဘိုဝို ဆူဘီယန်တို၏ မဲဆွယ်စည်းရုံးရေး ဒုတိယတာဝန်ခံ အာမတ် မူဇာနီကပြောဆိုခဲ့သည်။
မဲအမြန်ဆုံးရေတွက်မှုစနစ်အရ ကနဦးရလဒ်များထွက်ပေါ်ခဲ့ရာ ပရာဘိုဝိုသည် လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို ကိုရှုံးနိမ့်ခဲ့ကြောင်း သိရှိိခဲ့ရပြီးဖြစ်သော်လည်း ပရာဘိုဝိုကမူ မဲလိမ်လည်မှုများ၊ မသမာမှုများရှိနေကြောင်း ပြောဆိုခဲ့သည်။
ကေယူပီသည် မေ ၂၂ ရက်တွင် မဲရေတွက်မှုကိုအဆုံးသတ်ပြီး သမ္မတနှင့် လွှတ်တော်ရွေးကောက်ပွဲ၌ အနိုင်ရရှိသူများကို ကြေညာမည်ဖြစ်သည်။

















