တောင်အာဖရိက၌ အသားအရောင်ခွဲခြားမှုစနစ် အဆုံးသတ်ခဲ့သည့် ၂၅ နှစ်မြောက် အထိမ်းအမှတ်ပွဲပြုလုပ်

တောင်အာဖရိက၌ အသားအရောင်ခွဲခြားမှုစနစ် အဆုံးသတ်ခဲ့သည့် ၂၅ နှစ်မြောက် အထိမ်းအမှတ်ပွဲပြုလုပ်

တောင်အာဖရိကနိုင်ငံ၌ အသားအရောင်ခွဲခြားသည့် စနစ်အဆုံးသတ်ခဲ့သည့် ၂၅ နှစ်မြောက်နေ့အဖြစ် လွတ်လပ်ရေးနေ့ကို နိုင်ငံတစ်ဝန်း၌ ဧပြီ ၂၇ ရက်တွင် ကျင်းပခဲ့သည်။

ဂျိုဟန်နစ္စဘက်မြို့ဆင်ခြေဖုံး၌ လူ ၃၅၀ဝ ခန့်စုဝေးပြီး သီချင်းများသီဆိုခြင်း၊ ကခုန်ခြင်းနှင့် ဟောပြောပွဲများကိုပြုလုပ်ခဲ့ကြသည်။ လွန်ခဲ့သော ၂၅ နှစ်တွင် တောင်အာဖရိကရှိ လူမည်းများသည် မဲပေးခွင့်ရရှိခဲ့ပြီး နိုင်ငံတွင် ဒီမိုကရေစီစနစ်စတင်ကျင့်သုံးခဲ့သည်။

သို့သော် ရက်စက်ကြမ်းကြုတ်သော အသားအရောင်ခွဲခြားမှုစနစ်အဆုံးသတ်ခဲ့သည်မှာ နှစ်များစွာကြာမြင်ခဲ့သော်လည်း နိ်ုင်ငံသားများသည် ဝမ်းဝခါးလှရန်ပင် မနည်းပင်ကြိုးပမ်းနေရဆဲဖြစ်ကြောင်း စုဝေးပွဲတွင် ဟောပြောသူများကပြောဆိုခဲ့သည်။

မြို့နယ်တစ်ခုရှိ လူများစွာသည် အလုပ်အကိုင်မဲ့နေဆဲဖြစ်လျှင် လွတ်လပ်မှုသည် အဓိပ္ပာယ်မဲ့နေမည်ဖြစ်ကြောင်း၊ မြေမပိုင်အိမ်မပိ်ုင်လျှင်လည်း လွတ်လပ်မှုသည် အဓိပ္ပာယ်မဲ့နေမည်ဖြစ်ကြောင်း တောင်အာဖရိကရှိ အကြီးဆုံးမြို့ ဂျိုဟန်နစ္စဘတ်နှင့် မြို့တော် ပရီတိုးရီးယားတို့ပါဝင်သည့် ဂေါက်တန်ခရိုင်၏ဝန်ကြီးချုပ် ဒေးဗစ် မာခူရာကပြောဆိုခဲ့သည်။

တောင်အာဖရိကနိုင်ငံသားအားလုံးသည် ယောကျာ်းလျာ၊ မိန်းမလျာ၊ လိင်နှစ်မျိုးလုံးနှစ်သက်သူ၊ လိင်ပြောင်းနှင့် လိင်နှစ်မျိုးလုံးပါဝင်သူ( LGBT) ၏အခွင့်အရေးကိုလေးစားရမည်ဖြစ်ကြောင်း၊ တောင်အာဖရိကနိုင်ငံတွင်း LGBT များသည် အလုပ်ခွင်၊ ဘုရားကျောင်းနှင့် အခြားနေရာများတွင် အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုများကို ကြုံတွေ့နေရဆဲဖြစ်ကြောင်း ဂေါက်တန်ခရိုင်ဝန်ကြီးချုပ်ကပြောဆိုခဲ့သည်။

တောင်အာဖရိကအမျိုးသမီးဘောလုံးအသင်းမှနာမည်ကျော်ကစားသမားဖြစ်ပြီး ၂၀ဝ၈ ခုနှစ်တွင် ခွာ-သဲမာ၌ အုပ်စုဖွဲ့လိင်ပိ်ုင်းအနိုင်ကျင့်ခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရသည့် ယူဒီဆီမာလာနဲကိုလည်း မာခူရာက ဂုဏ်ပြုပြောဆိုခဲ့သည်။ယူဒီသေဆုံးမှု အကျိုးမဲ့မဖြစ်စေရအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

အသားအရောင်ခွဲခြားမှုတိုက်ဖျက်ရေးတွင် အရေးပါသည့် ကဏ္ဍမှပါဝင်ခဲ့သည့် ခွာ-သဲမာ လူမည်းမြို့နယ်သည်လည်း လွတ်လပ်ရေးနေ့အခမ်းအနားတွင် ပါဝင်ခဲ့သည်။

မေ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင်သာ အာရုံစိုက်နေကြသောကြောင့် နှစ်ပတ်လည်နေ့ကို တောင်အာဖရိကနိုင်ငံတစ်ဝန်း သိုသိပ်စွာကျင်းပခဲ့ကြသည်။

သမ္မတဆရီး ရာမာဖိုဆာသည်လည်း အရှေ့ကိပ်ခရိုင်ရှိ မာခန်ဒါ၌ လူထုနှင့်တွေ့ဆုံပြီး လွတ်လပ်ရေးနေ့တွင် ပါဝင်ခဲ့သည်။

''လွန်ခဲ့တဲ့ ၂၅ နှစ် ဒီလိုနေ့မျိုးမှာ ကျွန်တော်တို့ဟာ တန်းတူညီမျှမှု၊ ညီညွတ်မှု၊ လူမျိုးရေးခွဲခြားမှုနဲ့ကျားမခွဲခြားမှုမရှိတဲ့ စည်းမျဉ်းတွေအပေါ် အခြေခံတဲ့ နိုင်ငံသစ်ကိုတည်ထောင်ခဲ့ကြပါတယ်။ ဒါပေမယ့် အချိန်ကြာလာပေမယ့် အဲဒီနေ့မှာ လူတန်းစားမျိုးစုံ၊ လူမျိုးမျိုးစုံပါဝင်တဲ့ တောင်အာဖရိကနိုင်ငံသား သန်း ၂၀ နီးပါးဟာ နိုင်ငံတစ်ဝန်းက မဲရုံတွေမှာ စိတ်ရှည်လက်ရှည်စောင့်ဆိုင်းပြီး မဲပေးခဲ့ကြတယ်ဆိုတာကို ပြတ်ပြတ်ထင်ထင်မှတ်မိနေဆဲပါပဲ'' ဟု ရာမာဖိုဆာကပြောဆိုခဲ့သည်။