ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် (၉၄) ရပ်ကွက် ယုဇန ဥယျာဉ်မြို့တော် (စီ) ဘလောက် (၇) လမ်း တိုက် (၃၆) အခန်း (၄၀၁) တွင် အမျိုးသမီး တစ်ဦး တိုက်ခန်းအတွင်း၌ သေဆုံးလျက် တွေ့ရှိခဲ့ရသည်။
အပုပ်နံ့များထွက်
ဧပြီ ၂၇ ရက် နံနက်ပိုင်းက ၎င်းတိုက်ခန်း တွင် အပုပ်နံ့များထွက်နေသဖြင့် ပတ်ဝန်းကျင် က မသင်္ကာ၍ သက်ဆိုင်ရာသို့ သတင်းပို့ အကြောင်းကြားရာ ဒဂုံဆိပ်ကမ်းမြို့မရဲစခန်း မှ ဒုရဲမှူး (စခန်းမှူး) ကျော်ဝင်းမောင်နှင့် ရဲတပ်ဖွဲ့ဝင်များသည် (၉၄) ရပ်ကွက် ယုဇန ဥယျာဉ်မြို့တော် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် (ရွှေစံပယ်)နှင့် ရုံးအဖွဲ့ဝင်များနှင့်အတူ တိုက်ခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
ယင်းသို့စစ်ဆေးရာ နောက်ဖေးဆောင် အခန်းတွင် ပက်လက်အနေအထားဖြင့် သေဆုံး နေသူမှာ ဒေါ်သန္တာဦး (၄၃) နှစ်ဖြစ်ကြောင်း သိရပြီး အလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံ ကြီးသို့ ပို့ဆောင်ကာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းက ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
စိတ်ကျန်းမာရေးမကောင်း
အဆိုပါသေဆုံးသူ ဒေါ်သန္တာဦးသည် စိတ်ကျန်းမာရေးမကောင်းသူဖြစ်ပြီး မကြာမီ နှစ်များက စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူခဲ့ဖူးကြောင်း (စီ) ဘလောက် (၇) လမ်း ရာအိမ်မှူး ဦးမြင့်သောင်းက ပြော ဆိုခဲ့သည်။
















