နော်တာဒမ်း ဘုရားကျောင်းမီးလောင်မှုမှ ထွက်လာသည့် ခဲဓာတ်များကြောင့် ဝန်းကျင်အဆိပ်သင့်နိုင်ခြေသတိပေးထား

နော်တာဒမ်း ဘုရားကျောင်းမီးလောင်မှုမှ ထွက်လာသည့် ခဲဓာတ်များကြောင့် ဝန်းကျင်အဆိပ်သင့်နိုင်ခြေသတိပေးထား

ပြင်သစ်နိုင်ငံပါရီမြို့ရှိ ယဉ်ကျေးမှု အထင်ကရတစ်နေရာဖြစ်သော နော်တာဒမ်း  ဘုရားကျောင်းမီးလောင်မှုကြောင့် ခဲဓာတ်အများအပြားထွက်လာရာဘုရားကျောင်းဝန်းကျင်တွင် ခဲဆိပ်ပမာဏ မြင့်မားနေဆဲဖြစ်သောကြောင့် အချို့နေရာများကို အများပြည်သူသွားလာခွင့် ပိတ်ပင်ထားမည်ဖြစ်ကြောင်း ပါရီရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

နော်တာဒမ်း ဘုရားကျောင်းအမိုးနှင့် မျှော်စင်တို့သည် သံဖရိန် တန်ချိန်ရာချီပြီးအသုံးပြု ဆောက်လုပ်ထားခြင်း ဖြစ်သောကြောင့် မီးလောင်ကျွမ်းကာ ခဲဓာတ်အများအပြား ပတ်ဝန်းကျင်သို့ ပျံ့နှံ့ခဲ့သည်။

မီးလောင်မှုကြောင့် မျှော်စင်သည်လည်း ကျိုးကျခဲ့သည်။ နော်တာဒမ် ဘုရားကျောင်းဝန်းကျင်ရှိ အိမ်ခန်းများ၊ ဆိုင်ခန်းများတွင်လည်း ဖုန်မှုန့်များထဲတွင် ခဲဆိပ်များပါလာနိုင်ခြေရှိသဖြင့် ပိုင်ရှင်များအနေဖြင့် ဖုန်မှုန့်များကိုရေစိုဝတ်ဖြင့် ပွတ်တိုက် သန့်ရှင်းပစ်ကြရန် ပါရီရဲတပ်ဖွဲ့က နှိုးဆော်ထားသည်။

ဧပြီ ၁၅ ရက်က မီးလောင်မှုနောက်ပိုင်း ခဲဆိပ်သင့်ကာ ကျန်းမာရေးထိခိုက်မှု သတင်းမျိုးမရရှိသေးသော်လည်း ခဲဆိပ်သင့်ပြဿနာသည် ကာလတာရှည်လာသည်တွင်မှ လက္ခဏာပေါ်ပေါက်တတ်သည့် ပြဿနာမျိုးဖြစ်ကြောင်း ပါရီရဲတပ်ဖွဲ့က ဧပြီ ၂၇ ရက်တွင်  ထုတ်ပြန်ခဲ့သည်။

မီးလောင်ကာ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော နော်တာဒမ်း ဘုရားကျောင်းကို ပြန်လည်တည်ဆောက်ရာတွင်လည်း လုပ်သားများ ခဲဆိပ်မသင့်ရေး အသေးစိတ် အစီအစဉ်များ ချမှတ်ကျင့်သုံးသွားမည်ဟု သိရသည်။