ဧပြီ ၂၈ ရက်က ကျင်းပခဲ့သည့် စပိန်နိုင်ငံရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် ပီဒရိုဆန်ချေ့ဇ်၏ ဆိုရှယ်လစ်ပါတီ အောင်ပွဲခံနိုင်ခဲ့သော်လည်း လက်ယာစွန်းများလည်း လွှတ်တော်ထဲအားကောင်းစွာ ရောက်ရှိလာပြီဖြစ်သည်။
ဆိုရှယ်လစ်ပါတီအတွက် အကြီးမားဆုံးစိန်ခေါ်မှုများမှာ မညီမျှမှုတိုက်ဖျက်ရေး၊ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်မှု တိုးတက်ရေးနှင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးပင်ဖြစ်ကြောင်း အောင်ပွဲခံမိန့်ခွန်းတွင် အသက် ၄၇ နှစ်ရှိ ဆန်ချေ့ဇ်က ထည့်သွင်း ပြောဆိုခဲ့သည်။
အာဏာရှင်ဝါဒနှင့် ခေတ်နောက်ပြန်ဆွဲမှုများကို အနိုင်ယူနိုင်ကြောင်း စပိန်ပြည်သူများက ဥရောပနှင့် ကမ္ဘာတစ်ဝန်းကို သတင်းစကားပါးလိုက်ခြင်းဖြစ်ကြောင်းလည်း ပြောသည်။
မဲရေတွက်မှု ၉၉ ရာခိုင်နှုန်းပြီးစီးချိန်တွင် မဲရလဒ် ၂၉ ရာခိုင်နှုန်း ရရှိခဲ့သည့် ဆိုရှယ်လစ်ပါတီသည် အစိုးရဖွဲ့စည်းရန် လက်ဝဲစွန်း ပိုဒီမိုစ်နှင့် ဒေသဆိုင်ရာပါတီများ သို့မဟုတ် ဗဟိုလက်ဝဲယိမ်းအုပ်စုများ၏ အကူအညီလိုအပ်မည်ဖြစ်သည်။ စုစုပေါင်း အမတ်နေရာ ၃၅၀ တွင် ဆိုရှယ်လစ်ပါတီက ၁၂၃ နေရာ၊ ၄င်း၏ မဟာမိတ် ပိုဒီမိုစ်က ၄၂ နေရာသာ ရရှိခြင်းကြောင့် အစိုးရဖွဲ့ရန် အနည်းဆုံးလိုအပ်သည့် ၁၇၆ နေရာပြည့်မီရန် အကူအညီလိုအပ်ခြင်း ဖြစ်သည်။
စပိန်တွင် စစ်ဘက်အုပ်စိုးမှု အဆုံးသတ်ခဲ့သည့် ၁၉၇၀ ခုနှစ်များနောက်ပိုင်း လွှတ်တော်တွင်းသို့ ဗာ့က်စ်အုပ်စုကဲ့သို့ ဗဟုယဉ်ကျေးမှုနှင့် အမျိုးသမီးဝါဒီ ဆန့်ကျင်ရေးသဘောထား၊ တင်းကျပ်သည့် လူဝင်မှုမူဝါဒ လိုလားသည့် လက်ယာစွန်းအုပ်စုများ ၁၀ ရာခိုင်နှုန်းကျော် နေရာယူနိုင်လာခဲ့သည်ကိုလည်း တွေ့ရှိရသည်။
ပေါ်ပြူလာပါတီအဖွဲ့ဝင်ဟောင်း ရှေးရိုးစွဲသမား ဆန်တီအဂို အဘာစကာလ်ခေါင်းဆောင်သည့် ဗာ့က်က်စ်ပါတီသည် ကြီးမြတ်သည့်စပိန် တဖန်ဖြစ်မြောက်ရေး ကြွေးကြော်သံဖြင့် နေရာရလာခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ် မေလတွင် အယုံအကြည်မရှိရင်ဆိုင်ခဲ့ရပြီး ပြိုလဲခဲ့သည့် ပေါ်ပြူလာပါတီမှာ အမတ် ၆၆ နေရာသာ ရရှိခဲ့ပြီး လွန်ခဲ့သည့်လွှတ်တော်၌ အမတ် ၁၃၇ နေရာရရှိခြင်းထက် များစွာ လျော့နည်းခဲ့သည်။
ဗာ့က်က်စ်ပါတီနှင့် ဗဟိုလက်ယာယိမ်းတို့ ထောက်ခံမှုရခဲ့သည့်တိုင် ပေါ်ပြူလာပါတီသည် သမိုင်းဝင်အရေးနိမ့်မှုနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်ပြီး ရလဒ်မှာ ဆိုးရွားလှကြောင်း၊ အဓိကအတိုက်အခံအဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း ပေါ်ပြူလာပါတီခေါင်းဆောင် ပါဘလိုကာဆာဒိုက ပြောဆိုခဲ့သည်။
၂၀၁၇ ခုနှစ်က လွတ်လပ်ရေးကြေညာခဲ့သည့် ကာတာလိုးနီးယားပြည်နယ်အတွက်မူ ဗဟိုလက်ဝဲပါတီ အီးအာစီက အများဆုံးအနိုင်ရခဲ့ပြီး အမတ် ၁၅ နေရာရရှိခဲ့သည်။ အီးအာစီခေါင်းဆောင် အော်ရယိုဂျန်းကရက်စ်မှာ လွတ်လပ်ရေး ကြေညာရာတွင် ပါဝင်ခဲ့မှုဖြင့် ရုံးတင်စစ်ဆေးခံနေရပြီး ကာတာလိုးနီးယားအရေးသည်လည်း စပိန်ရွေးကောက်ပွဲမဲဆွယ်ရာတွင် အလေးပေးရသည့် ကိစ္စတစ်ခု ဖြစ်ခဲ့သည်။
ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၇၅ ဒသမ ၈ ရာခိုင်နှုန်း မဲလာပေးခဲ့ရာ ၂၀၁၆ ရွေးကောက်ပွဲထက် ၉ ရာခိုင်နှုန်း ပိုမိုမြင့်မားပြီး စပိန်သမိုင်းတစ်လျှောက် မဲပေးသူအများဆုံးရာခိုင်နှုန်းဖြစ်သည်။

















