အမေရိကန်ပြည်ထောင်စုမြို့တစ်မြို့တွင် လူအုပ်ထဲ၌ သေနတ်ဖြင့်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြန်ရာ တစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကာ ပစ်ခတ်သူကို ဖမ်းမိခြင်းမရှိသေးပေ။
ဘာလ်တီမိုးမြို့အနောက်ပိုင်း လမ်းတစ်လမ်းပေါ်တွင် ဧပြီ ၂၈ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခြေလျင်လျှောက်လာသည့်လူတစ်ဦးက လူအုပ်ထဲပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အလွန်ရူးမိုက်သည့်အပြုအမူဖြစ်ကြောင်း ရဲကော်မရှင်နာမင်းကြီး မိုက်ကယ်ဟာရီဆန်က ပြောဆိုခဲ့သည်။
တစ်စုံတစ်ရာ ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဖြစ်သော်လည်း မည်သည့်အတွက် ပစ်ခတ်မှုကျူးလွန်ခဲ့ကြောင်း မသိရသေးပေ။
ဘေးကင်းသည့်မြို့ဖြစ်စေရန် ဖွဲ့စည်းပြင်ဆင်မှုများဖြင့် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိပေးခဲ့သည့် ဟာရီဆန် ရဲမင်းကြီးအဖြစ် လွန်ခဲ့သည့်လကမှ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး တစ်လခွဲအကြာတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဘာလ်တီမိုးသည် အမေရိကန်တွင် အဆင်းရဲဆုံးအဓိကမြို့များထဲတွင် ပါဝင်ပြီး လွန်ခဲ့သည့်နှစ်နှစ်အတွင်း တစ်နှစ်လျှင် လူသေမှု ၃၀ဝ ကျော်ဖြစ်သည့် မြို့တစ်မြို့လည်း ဖြစ်သည်။
အခင်းဖြစ်ပွားသည့်နေရာမှာ လမ်းတစ်ဘက်စီတွင် ပါတီတစ်ခုစီ ကျင်းပနေသည့်နေရာဖြစ်၍ ကျည်ဆန်များသည် ခြားနားသည့်ဘက်မှ လာရောက်ခြင်းဖြစ်၍ သေနတ်သမားတစ်ဦးထက် ပိုနိုင်ကြောင်းလည်း ဟာရီဆန်က ပြောသည်။
ရှစ်ဦး သေနတ်ထိမှန်ခဲ့သည့်အနက် ဘက်ပတစ်ဘုရားရှိခိုးကျောင်းတစ်ခုနောက်တွင် လဲကျခဲ့သည့် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်းလည်း ပြောသည်။
ဘာလ်တီမိုးသည် မူးယစ်ဆေးဝါးဆက်နွှယ်သည့် အကြမ်းဖက်ရာဇဝတ်မှုများ ဆယ်စုနှစ်ချီ ထူပြောခဲ့ရာ မြို့တစ်မြို့ဖြစ်ပြီး အမေရိကန်တွင် ရာဇဝတ်မှုအများဆုံးမြို့တစ်မြို့လည်းဖြစ်သည်။
မြို့ကိုအုပ်ချုပ်သူများက ဘာလ်တီမိုးကို ရင်းနှီးမြှုပ်နှံသူများနှင့် ဧည့်သည်များ မျက်စိကျရန် ကြိုးပမ်းနေသော်လည်း ၂၀၁၅ ခုနှစ်မှစ၍ အကြမ်းဖက်ရာဇဝတ်မှုများ မြင့်တက်လာခြင်းကြောင့် စိုးရိမ်ပူနေရသည်။
ယင်းအချိန်က ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့သည့် လူမည်းလူငယ်တစ်ဦးသေဆုံးခဲ့ရခြင်းကြောင့် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး အဓိကရုဏ်းများ ဖြစ်ပွားခဲ့ကာ လူသေမှုများလည်း မြင့်တက်ခဲ့သည်။

















