သြစတြေးလျနိုင်ငံတစ်ဝန်းလေဆိပ်များတွင် ဧပြီ ၂၉ရက်၌ လူဝင်မှုကြီးကြပ်ရေးအချက်အလက်များစစ်ဆေးသည့် ကွန်ပျူတာစနစ်များ ချို့ယွင်းချက်ကြောင့် ခရီးသည်များလူတန်းရှည်ကြီး ဖြစ်သည်အထိအုံခဲစောင့်ဆိုင်းခဲ့ကြရသည်။
ပြဿနာကိုအမြန်ဆုံးဖြေရှင်းနိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သြစတြေးလျ နယ်စပ် လုံခြုံရေးတပ်ဖွဲ့ (အေဘီအက်ဖ်) က ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ထုတ်ပြန်ထားသည်။
ခရီးသည်များပုံမှန်ထက် စောစီးစွာလေဆိပ်သို့ လာကြရန်လည်း နှိုးဆော်ထားသည်။ကွန်ပျူတာစနစ် ချို့ယွင်းချက်ကြောင့် နိုင်ငံတစ်ဝန်းအပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် အဝင်၊ အထွက် ခရီးစဉ်အားလုံး နှောင့်နှေးကြန့်ကြာခဲ့ရခြင်း ဖြစ်သည်။
ခရီးသည် အချက်အလက်များစစ်ဆေးမှုကိုလူအားဖြင့် လုပ်နေရပြီးအေဘီအက်ဖ် ဝန်ထမ်းပမာဏကိုလည်းတိုးမြှင့်အသုံးပြုခဲ့သည့်တိုင် ဝန်နှင့်အားမမျှဘဲခရီးသည်များအချိန်ကြာမြင့်စွာစောင့်ဆိုင်းခဲ့ကြရကြောင်းတွေ့ရသည်။
အီလက်ထရောနစ်ဂိတ် ကွန်ပျူတာစနစ် ချို့ယွင်းခြင်းကြောင့်ဖြစ်ကြောင်းမဲလ်ဘုန်း လေဆိပ်အာဏာပိုင်အဖွဲ့ကပြောသည်။
ထိုစနစ်ကိုဆစ်ဒနီ၊ မဲလ်ဘုန်း၊ ဘရစ္စဘိန်း၊ ပါ့သ် စသည့်မြို့များရှိ နိုင်ငံတကာလေဆိပ် ၁၀ ခုတွင် အသုံးပြုထားသည်။ထိုစနစ်သည် မျက်နှာမှတ်သားခွဲခြားစနစ်၊ အီလက်ထရောနစ် ပတ်စ်ပို့စနစ်များကိုသုံးကာခရီးသည် တစ်ဦးချင်းကိုအလိုလျောက်စစ်ဆေးကာမည်သူမည်ဝါဖြစ်ကြောင်းနှင့် ကိုယ်ရေးအချက်အလက်များကိုအလိုလျောက် အတည်ပြု စစ်ဆေးနိုင်သည်။
ဆစ်ဒနီလေဆိပ်တွင် စောင့်ဆိုင်းနေရသည့် ခရီးသည်များ၏ တွစ်တာအကောင့်များတွင် ရေးသားထားချက်အရလူဝင်မှုကြီးကြပ်ရေးကောင်တာကို ဖြတ်ရန် နှစ်နာရီလောက် တန်းစီစောင့်ဆိုင်းရကြောင်းသိရသည်။

















