Avengers: Endgame သည် ကမ္ဘာတစ်ဝန်းစတင်ပြသသည့်သီတင်းပတ်၌ ရုံဝင်ငွေ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံထိရရှိကာစံချိန်သစ်တင်နိုင်ခဲ့သလို၊ ဒေါ်လာတစ်ဘီလျံမှတ်ကိုအမြန်ဆုံးရောက်ရှိသည့် ရုပ်ရှင်အဖြစ်လည်းစံချိန်ချိုးနိုင်ခဲ့သည်။
ကမ္ဘာတစ်ဝန်းစတင်ပြသပြီးငါးရက်၌ ရုံဝင်ငွေ ဒေါ်လာတစ်ဘီလျံရရှိခဲ့သည်။ Avengers: Endgame သည် မာဗယ် စတူဒီယို၏ ၂၂ ကားမြောက် စူပါဟီးရိုးဇာတ်ကားဖြစ်သည်။
စတင်ပြသသည့် သီတင်းပတ်ကုန်ရက်အတွင်းဒေါ်လာသန်း ၆၄၀ ရရှိစံချိန်တင်ထားသော ပြီးခဲ့သည့်နှစ်က Avengers: Infinity War ကိုလည်းယခု Avengers: Endgame က ကျော်တက်နိုင်ခဲ့သည်။
အမေရိကန်တစ်နိုင်ငံတည်းတွင်ပင် Avengers: Endgame သည် စတင်ပြသသည့် သီတင်းပတ်အတွင်းဒေါ်လာသန်း ၃၅၀ အထိရရှိခဲ့သည်။
တရုတ်နိုင်ငံတွင်လည်းဒေါ်လာ ၃၃၀ ဒသမ ၅ သန်းရရှိခဲ့သည်။ တရုတ်တွင် မြောက်အမေရိကထက် စောစီးစွာဧပြီ ၂၄ ရက်ကတည်းက ပြသခဲ့ခြင်းဖြစ်သည်။
လူကြိုက်များသည့် Avengers စီးရီးကို ၂၀ဝ၈ ခုနှစ်က Iron Man ဖြင့် စတင်ခဲ့ခြင်းဖြစ်ကာနောက်ပိုင်းတွင် အခြားစူပါဟီးရိုးများပါ ထပ်ပေါင်းကာမာဗယ် စတူဒီယိုကစူပါဟီးရိုးဇာတ်ကားဆက်များ ရိုက်ကူးထုတ်လုပ်ခဲ့သည်။
Avengers: Endgame ကို ရုပ်ရှင်ဝေဖန်သူများကလည်း ချီးကျူးလျက်ရှိပြီး၊ Rotten Tomatoes တွင်လည်းထောက်ခံမှု ၉၆ ရာခိုင်နှုန်းထိရရှိထားသည်။
“Endgame ဟာမာဗယ် စတူဒီယိုရဲ့ စူပါဟီးရိုးအဆုံးသတ်လို့ ပြောလို့ မရပါဘူး။ ဆက်လက်ပြီးလာပါလိမ့်ဦးမယ်။ မာဗယ် စူပါဟီးရိုးဇာတ်ကားတွေ အခုလောက်ထိအောင်မြင်ခဲ့ရတာလည်းမာဗယ်အဖွဲ့သားတွေရဲ့ အားထုတ်မှု၊ မာဗယ် ပရိသတ်တွေရဲ့ တစိုက်မတ်မတ် အားပေးမှုတွေကြောင့် ဖြစ်ပါတယ်” ဟုဝေါ့ဒစ္စနေစတူဒီယိုဥက္ကဋ္ဌ အလန် ဟွန်းကမှတ်ချက်ပေးသည်။

















