သီရိလင်္ကာ၌ ဧပြီ ၂၁ ရက်က ဖြစ်ပွားခဲ့သည့် အီစတာတနင်္ဂနွေဗုံးခွဲမှု ဂယက်ကြောင့် မွတ်စလင်အမျိုးသမီးများ မျက်နှာဖုံးအုပ်၍ အများပြည်သူကြား သွားလာမှုကို အစိုးရကတားမြစ်လိုက်သည်။
ကက်သလစ်ဘုရားကျောင်းများတွင် ဧပြီ ၂၈ ရက် တနင်္ဂနွေတွင် ပြုမြဲဖြစ်သည့် အများစုဝေး ဝတ်ပြုဆုတောင်းမှုများလည်း မရှိသေးပေ။
လူဦးရေ ၂၁ သန်းရှိသည့် သီရိလင်္ကာတွင် ၁၀ ရာခိုင်နှုန်းအောက်သာရှိသည့် မွတ်စလင်များထဲမှ အမျိုးသမီးများ အများပြည်သူကြားသွားလာရာတွင် မျက်နှာဖုံးအုပ်ခြင်းမပြုရန် သမ္မတ မိုင်သရီပါလာ သီရိသေနာက ဧပြီ ၂၈ ရက် နှောင်းပိုင်း၌ အရေးပေါ်အမိန့် ထုတ်ပြန်ခဲ့ပြီး ဧပြီ ၂၉ ရက်မှ စတင်သက်ရောက်သည်။
အမေရိကန်သံရုံးနှင့် အစိုးရအရာရှိများက နောက်ထပ်တိုက်ခိုက်မှုများဖြစ်နိုင်ခြေ စိုးရိမ်ရကြောင်း ပြောဆိုထား၍ ကက်သလစ်ဘာသာရေးခေါင်းဆောင်များသည် ရုပ်မြင်သံကြားမှသာ ဟောပြောခဲ့သည်။
လူ ၂၅၀ ကျော် သေဆုံးခဲ့ရသည့် ဘုရားကျောင်းများ၊ ဟိုတယ်များအား ပစ်မှတ်ထားတိုက်ခိုက်မှုကို ဒေသခံ နေရှင်နယ်တိုးဟိဒ်ဂျာမက်(အင်တီဂျေ) အုပ်စုက ဆောင်ရွက်ခဲ့ကြောင်း အစိုးရက ပြောဆိုခဲ့ပြီး အိုင်အက်စ်အုပ်စုကလည်း ၄င်းတို့လက်ချက်ဟု ကြေညာထားသည်။
အင်တီဂျေအုပ်စုခေါင်းဆောင် ဇာဟရန်ဟာရှမ်သည် ဟိုတယ်တစ်ခု၌ အသေခံဗုံးခွဲမှုတွင် သေဆုံးခဲ့ပြီး ၄င်း၏အိမ်ကို ဧပြီ ၂၆ ရက်က လုံခြုံရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်းရာတွင် ဟာရှမ်၏ဖခင်နှင့် ညီအစ်ကိုနှစ်ဦးသေဆုံးခဲ့ကြောင်း၊ ဟာရှမ့်ဇနီးနှင့် လေးနှစ်ရွယ်သမီးကိုမူ ဒဏ်ရာများနှင့် ဖမ်းမိခဲ့သည်။
ကိုလမ်ဘိုအရှေ့မြောက်ဘက် မိုင် ၁၄၀ အကွာ ကာမူနိုင်အရပ်၌ ပြုလုပ်ခဲ့သည့် ယင်းစီးနင်းမှုတွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသေခံဗုံးခွဲမှုနှင့်တိုက်ပွဲကြောင့် ကလေးခြောက်ဦးအပါအဝင် ၁၅ ဦး သေဆုံးခဲ့သည်။
ဧပြီ ၂၁ ရက်တိုက်ခိုက်မှုနှင့်ဆက်နွှယ်၍ ဖမ်းဆီးခံခဲ့ရသူပေါင်းလည်း ၁၅၀ ခန့် ရှိလာပြီဖြစ်သည်။သီရိလင်္ကာတွင် ၂၆ နှစ်ကြာ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပြီး ၂၀ဝ၉ ခုနှစ်၌ အရှုံးဖြင့် အဆုံးသတ်ခဲ့သည့် တမီလ်ကျားသူပုန်တို့နှင့် ယခုအကြမ်းဖက်သမားတို့မှာ ခြားနားကြောင်း၊ တမီလ်ကျားတို့က နယ်မြေကို ထိန်းချုပ်လိုပြီး ယခုအကြမ်းဖက်သမားတို့မှာ လူများများ သတ်နိုင်သမျှသတ်လိုခြင်းဖြစ်ကြောင်း ရဲအရာရှိများက ပြောဆိုခဲ့သည်။

















