သီတင်းပတ် အနည်းငယ်အတွင်းဒုတိယမြောက်အဖြစ် မိုဇမ်ဘစ်နိုင်ငံကိုဝင်ရောက်သောကဲနက် ဆိုင်ကလုန်းမုန်တိုင်းကြောင့် နိုင်ငံအရှေ့မြောက်ပိုင်းဒေသတစ်ခွင် ရေကြီးရေလျှံခဲ့ကာပမ်ဘာမြို့နှင့် ဝန်းကျင်သည် ရေဘေးဒဏ် အဆိုးဆုံးခံရလျက်ရှိသည်။
လူ ၁၆၀ဝ၀ဝ ကျော်ရေဘေးကြုံနေရပြီးရေဘေးကြောင့် လူတစ်ဦးသေဆုံးကြောင်းသိရသည်။လာမည့်ရက်ပိုင်းများအတွင်းမိုးပိုမိုရွာသွန်းနိုင်ကြောင်းလည်းမိုးလေဝသဌာနကခန့်မှန်းထားသည်။
မုန်တိုင်းကြောင့် မိုးကြီးကာ ကာဘိုဒယ်ဂါဒို ပြည်နယ်တွင်လည်းအခြေအနေဆိုးနေပြီးကားလမ်းများပျက်စီးနေသဖြင့် ဆက်သွယ်ရေးခက်ခဲနေကာသေဆုံးစာရင်းများထပ်တိုးလာနိုင်ခြေရှိကြောင်းမိုဇမ်ဘစ် အစိုးရကဧပြီ ၂၈ ရက်ညပိုင်းတွင် ထုတ်ပြန်ကြေညာထားသည်။
အီဘို၊ မက်ကိုမီယာ၊ ကွင်ဆာဂါမြို့များလည်းရေလွှမ်းကာနေအိမ် အဆောက်အဦများစွာပျက်စီးခဲ့ပြီးရေတိုက်စားမှုကြောင့် လမ်းများပျက်စီးသဖြင့် ကုန်းလမ်းအဆက်အသွယ်ပြတ်နေသလို၊ မိုးကြီးသဖြင့်လည်းလေယာဉ်ဖြင့်သွားရန် ခက်ခဲနေသည်။
မိုးစဲသွားသည်နှင့် ရဟတ်ယာဉ်များ၊ လှေများသုံးကာအီဘိုနှင့် ကွင်ဆာဂါတို့ကိုရေဘေးအကူအညီများပေးပို့မည်ဖြစ်သလို၊ မက်ကိုမီယာသို့လည်းကနူးလှေများဖြင့် အကူအညီများပေးပို့မည်ဟုအစိုးရကကြေညာထားသည်။
ရေသန့်ပြတ်လပ်မှုကြောင့် ဝမ်းရောဂါဖြစ်ပွားလာမည်ကိုစိုးရိမ်နေရသည်။ ခြင်ပေါများသဖြင့် ငှက်ဖျားပျံ့ပွားမည်ကိုလည်းအာဏာပိုင်များကစိုးရိမ်လျက်ရှိသည်။
ကာဘိုဒယ်ဂါဒိုပြည်နယ်မြို့တော်လည်းဖြစ် ဆိပ်ကမ်းမြို့လည်းဖြစ်သည့် ပမ်ဘာတွင် ဧပြီ ၂၉ ရက်၌ အနည်းငယ် မိုးစဲလာသဖြင့် ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများစတင်လုပ်ဆောင်နိုင်နေပြီဖြစ်သည်။

















