တောင်ကြီးမြို့မြင်းဖြူနှစ်ကောင်ဆေးတိုက်တွင် ဖြစ်ပွားခဲ့သည့် လေးလောင်းပြိုင်လူသတ်မှု၌ ကျပ်သိန်း ၁၅၀ဝ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများနှင့်ငွေများ ပါသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၈ ရက် နံနက် ၈ နာရီခန့်တွင် တောင်ကြီးမြို့၊ကန်သာရပ်ကွက် နယ်မြေ (၁၄)၊ မင်္ဂလာလမ်းရှိ မြင်းဖြူနှစ်ကောင်ဆေးတိုက်နေအိမ်တွင် အသက်(၇)လအရွယ်ကလေးအပါအဝင် မိသားစုဝင် ၃ ဦးနှင့် အိမ်အကူမိန်းကလေးငယ်တစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
သေဆုံးသူများမှာ မြင်းဖြူနှစ်ကောင် ဆေးတိုက်မိသားစုဝင် နန်းခမ်းလှိုင် (၂၃)နှစ်၊ ၄င်း၏ခင်ပွန်း စိုင်းဆေမွန်း(၂၇)နှစ်၊သားဖြစ်သူ မောင်ဖဖ(၇)လနှင့် အိမ်အကူ မအေးမိုး (၁၇)နှစ်တို့ တို့ဖြစ်သည်။
ဆေးထုပ်ရန် နေအိမ်သို့လာရောက်သည့် မိန်းကလေးငယ်တစ်ဦးက အဆိုပါနေ့ နံနက် ၇ နာရီခန့်၌ လေးလောင်းပြိုင်သေဆုံးနေမှုကို တွေ့ရှိခဲ့ပြီး ပတ်ဝန်းကျင်မှတစ်ဆင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ် ဖြစ်ပွားချိန်တွင် မနန်းခမ်းလှိုင်၏ မိခင်ဖြစ်သူ နှင့်အခြားသူများက ပင်လောင်းမြို့သို့ အလှူကိစ္စဖြင့်ရောက်ရှိနေချိန်ဖြစ်သည်။
အခင်းဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူတို့က နေအိမ်အတွင်းမှ ယူဆောင်သွားခဲ့သည့် ရွှေထည်ပစ္စည်းမျိုးစုံ (၇၀ ) ကျပ်သားခန့်နှင့် ငွေကျပ်သိန်း ၄၀ စုစုပေါင်း ၁၅၅၇ သိန်းဖိုးခန့် ပါရှိခဲ့သောကြောင့် လူသတ် ပစ္စည်းယူဆောင်ခဲ့သည်ဆိုသူများကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။
တောင်ကြီးမြို့မရဲစခန်းတွင် (ပ) ၇၉၃/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ အရ အမှုဖွင့် အရေးယူထားသည်။
















