အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းမိုးကြီးမှုများကြောင့် ရေကြီးမြေပြိုမှုများ ဖြစ်ပွား၍လူ ၂၉ ဦးထက်မနည်းသေဆုံးပြီး တစ်ဒါဇင်ကျော် ပျောက်ဆုံးနေကာ ပြည်သူထောင်သောင်းချီအိုးအိမ်စွန့်ခွာရေဘေးရှောင်နေရကြောင်းအင်ဒိုနီးရှားသဘာဝဘေးစီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အင်ဒိုနီးရှားတွင် ဧပြီမှ အောက်တိုဘာအတွင်းမုတ်သုံရာသီဖြစ်ပြီးမိုးကောင်းမှုကြောင့် နှစ်စဉ် ရေကြီးမြေပြိုမှုများ ဖြစ်ပွားလျက်ရှိသည်။ရေလွှမ်းနေသည့် ဘန်ကူလူပြည်နယ်မှ ပြည်သူ ၁၂၀ဝ၀ ဝန်းကျင်ကိုရေဘေးလွတ်ရာရွှေ့ပြောင်းပေးထားရပြီး ရေကြီးမှုကြောင့် နေအိမ်များ၊ လမ်းတံတားများပျက်စီးခဲ့ရကြောင်း သဘာဝဘေးစီမံခန့်ခွဲရေးအဖွဲ့က ပြောသည်။
ဘန်ကူလူတန်ဂါ ခရိုင်သည် ရေဘေးဒဏ် အပြင်းထန်ဆုံးခံခဲ့ရပြီးလူ ၂၂ ဦးသေဆုံးကာမွေးမြူရေးတိရစ္ဆာန် ရာချီပြီးသေဆုံးခဲ့ရသည်။
ဆူမားတြားရှိလမ်ပန် ပြည်နယ်တွင်လည်းမိုးကြီးမြေပြိုမှုကြောင့် ဧပြီ ၂၇ ရက်က မိသားစုခြောက်ဦးသေဆုံးခဲ့ရပြီး ကားလမ်းများလည်း မြေပြိုပျက်စီးကာဝန်းကျင်ဒေသများနှင့် အဆက်အသွယ် ပြတ်တောက်လျက်ရှိသည်။
အင်ဒိုနီးရှားမြို့တော် ဂျကာတာတွင်လည်းယခုသီတင်းပတ်အတွင်းရေကြီးမှုကြောင့် လူ နှစ်ဦးသေဆုံးကာလူ၂၀ဝ၀ ကျော် အိုးအိမ်စွန့်ခွာရေဘေးရှောင်ခဲ့ရသည်။
ဂျကာတာမြို့အနီးရှိဘိုဂါမြို့တွင်လည်းရေကြီးမှုကြောင့် မွေးမြူရေးခြံတစ်ခြံမှ စပါးကြီးမြွေ ၁၄ ကောင် လွတ်ထွက်သဖြင့် အများပြည်သူသတိပေးချက် ထုတ်ပြန်ထားရသည်။
ဆူမားတြားတွင် တရားဝင် သတ္တုတွင်းတူးလုပ်ငန်းများကြောင့် မြေပြိုမှုများပိုဆိုးလျက်ရှိကြောင်းအာဏာပိုင်များကပြောသည်။ သတ္တုတွင်းများကြောင့် တောင်စောင်းမြေများလျော့ရဲကာမိုးရွာလျှင် မြေပြိုမှုများပိုမိုဖြစ်ပွားရလျက်ရှိသည်။


















