အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် အိုင်အက်စ်ခေါ် အစ္စလာမ္မစ်နိုင်ငံထူထောင်ရေးအုပ်စုခေါင်းဆောင် အဘူ ဘာကာ အာလ်ဘက်ဂါဒီ၏ ဝါဒဖြန့်ဗွီဒီယိုတစ်ခု ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ထွက်ပေါ်လာပြီး ရှည်ကြာသည့်တိုက်ပွဲ ရှေ့တွင် ရှိနေမည်ဖြစ်ကြောင်း ကတိပြုလိုက်သည်။
ဆီးရီးယားတွင် အိုင်အက်စ်တို့အရေးနိမ့်မှုကို ဝန်ခံလိုက်ပြီး တိုက်ပွဲမပြီးသေးကြောင်း ဧပြီ ၂၉ ရက်က ပြောဆိုခဲ့သည်။
ဧပြီ ၂၁ ရက်က သီရိလင်္ကာတွင်ဖြစ်ပွားခဲ့သည့် လူ ၂၅၀ ကျော် သေဆုံးခဲ့ရသည့် အီစတာတနင်္ဂနွေ ဗုံးခွဲမှုသည် အနောက်ကမ္ဘာကို လက်စားချေခြင်း၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်းလည်း ဘက်ဂါဒီက ပြောဆိုခဲ့သည်။၎င်းသည် အမေရိကန်က ဒေါ်လာ ၂၅ သန်းဆုငွေ ထုတ်ထားခံရပြီး ကမ္ဘာပေါ်တွင် အများဆုံးအလိုရှိခြင်းခံရသူတစ်ဦးဖြစ်သည်။
၄င်းသည် လွန်ခဲ့သည့်နှစ်များစွာအတွင်း သေဆုံးခဲ့ပြီဟု မကြာခဏ သတင်းထွက်ခဲ့သည်။၄င်း၏လက်ထောက်များစွာ သေဆုံးခဲ့ပြီး အများအားဖြင့် အမေရိကန်ဦးဆောင်သည့် လေကြောင်းတိုက်ခိုက်မှုများကြောင့်ဖြစ်သည်။
အေကေ ၄၇ မောင်းပြန် ရိုင်ဖယ်တစ်လက် ထောင်ထားသည့် နံရံတစ်ခုရှေ့ထိုင်နေသည် အယ်လ်ဘက်ဂါဒီ၏ဗွီဒီယိုကို အစွန်းရောက်များ၏ အယ်လ်ဖာကန် သတင်းကွန်ရက်က ဖြန့်ချိခဲ့ခြင်းဖြစ်သည်။ဗွီဒီယိုကို မည်သည့်နေရာတွင် ရိုက်ကူးထားမှန်းမူ မသဲကွဲပေ။
၂၀၁၄ ခုနှစ်က အီရတ်နိုင်ငံ မိုဆူးလ်ရှိ အယ်လ်နျူရီဗလီတွင် တွေ့ခဲ့ရပြီးနောက်ပိုင်း ဘက်ဂါဒီ၏ ပထမဆုံး ဗွီဒီယိုဖြစ်သည်။ ကမ္ဘာတစ်ဝန်းမှ မွတ်စလင်များနှင့် ခါလီဖိတ်နိုင်ငံထူထောင်ရေးဟောပြောခဲ့ပြီးနောက် ဘက်ဂါဒီသည် အသံဖိုင်များသာ ထုတ်ပြန်ခဲ့သည်။
ဆီးရီးယားရှိ အိုင်အက်စ်တို့၏ နောက်ဆုံးခြေကုပ် ဘက်ဟောက်ဇ်ရွာစခန်းအား အမေရိကန် နောက်ခံပြု ကာ့ဒ်များ ဦးဆောင်သည့် ဆီးရီးယားဒီမိုကရက်တစ်တပ်များက လွန်ခဲ့သည့်လ၌ သိမ်းပိုက်ခံခဲ့ရခြင်းသည် အနောက်တိုင်း၏ အနိုင်ကျင့်ရက်စက်မှုကို သရုပ်ပြခြင်းဖြစ်ကြောင်း၊ အစ္စလာမ္မစ်နိုင်ငံထူထောင်ရန် ဇွဲ၊ ခံနိုင်ရည်နှင့် ခိုင်မာစွာ သန္နိဌာန်ချထားကြောင်းလည်း ပြောဆိုခဲ့သည်။
ဘက်ဂါဒီက ၄င်း၏သစ္စာခံများက သီရိလင်္ကာတွင်တိုက်ခိုက်မှုပြုခဲ့ခြင်းကိုချီးကျူးကြောင်း၊ ယင်းသည် ခရူးဆိတ်နောက်လိုက်များကို လက်စားချေမှုတစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ ပြင်သစ်တွင်လည်း တိုက်ခိ်ုက်မှု အရှိ်န်မြှင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
၄င်း၏အုပ်စုသည် ဆီးရီးယား၌နယ်မြေဆုံးရှုံးရခြင်းကို တုံ့ပြန်သည့်အနေဖြင့် နိုင်ငံရှစ်နိုင်ငံတွင် တိုက်ခိုက်မှု ၉၂ ကြိမ် ပြုလုပ်ခဲ့ကြောင်းလည်း အထောက်အထားမပါဘဲ ဘက်ဂါဒီက ကြွားလုံးထုတ်ပြောဆိုသည်။

















