ဆန္ဒပြမှုများကိုဦးဆောင်ခဲ့သည့် ယူဂန္ဓာအဆိုတော် အကျဉ်းထောင်သို့ပို့ဆောင်ခံရ

ဆန္ဒပြမှုများကိုဦးဆောင်ခဲ့သည့် ယူဂန္ဓာအဆိုတော် အကျဉ်းထောင်သို့ပို့ဆောင်ခံရ

ယူဂန္ဓာနိုင်ငံ၌ ယမန်နှစ်တွင် လူမှုမီဒီယာအသုံးပြုမှုအပေါ် အခွန်ကောက်ခံခြင်းကိုလမ်းမပေါ်ထွက် ဆန့်ကျင်ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်မှုဖြင့် တရားစွဲဆိုခံထားရသည့် ပေါ့အဆိုတော်ဖြစ်သလို အတိုက်အခံနိုင်ငံရေးသမားလည်းဖြစ်သည့် ဘော့ဘီဝိုင်သည် အမှုမစစ်ဆေးမီတွင် ချုပ်နှောင်ထားရန် တရားရုံး၏ညွှန်ကြားမှုဖြင့် ဧပြီ ၂၉ ရက်တွင် လုံခြုံရေးအဆင့်မြင့်အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရသည်။

၂၀၁၈ ခုနှစ် ဇူလိုင်တွင် ဝိုင်နှင့် အခြားလူများသည် ရဲတပ်ဖွဲ့ထံမှ  ကြိုတင်ခွင့်ပြုချက်ရယူခြင်းမပြုဘဲ ဆန္ဒပြမှုများကို ဦးဆောင်ပြုလုပ်ခဲ့ကြောင်း ယူဂန္ဓာရဲတပ်ဖွဲ့၏ပြောခွင့်ရှိသူ ဖရက် အဲနန်ဂါက အေပီသတင်းဌာနသို့ပြောဆိုခဲ့သည်။

အသက် ၃၇ နှစ်အရွယ် ဝိုင်သည် ၁၉၈၆ ခုနှစ်ကတည်းက နိုင်ငံကိုအုပ်ချုပ်ခဲ့သည့် သမ္မတယိုဝဲရီ မူဆာဗဲနီကို ဆန့်ကျင်သည့် လှုပ်ရှားမှု၏သင်္ကေတဖြစ်သည့် အနီရောင်သံပရာခွံဦးထုပ်ကိုဆောင်းကာ တရားရုံးသို့လာရောက်ခဲ့သည်။ဝိုင်ကို မေ ၂ ရက်တွင် ရုံးထုတ်မည်ဖြစ်သည်။

ဝိုင်တစ်ယောက် အကျဉ်းထောင်သုံးဗင်ကားပေါ်တက်စဉ်တွင် ၎င်းကိုထောက်ခံသူများက ပြည်သူ့အင်အားဟု ရွတ်ဆိုခဲ့ကြသည်။ ဝိုင်ကိုချက်ချင်းလွှတ်ပြီး အပြစ်မရှိအပြစ်ရှာစွပ်စွဲမှုများကို ရပ်ဆိုင်းရန် ဝိုင်၏ရှေ့နေများအနက် တစ်ဦးဖြစ်သည့် ရောဘတ် အမ်စတာဒမ်ကပြောဆိုခဲ့သည်။

ယူဂန္ဓာနိုင်ငံ၏ခေါင်းဆောင်ရာထူးကိုရယူကြရန် လူငယ်များအား ဝိုင်က တိုက်တွန်းပြောဆိုခဲ့သည်။၂၀၂၁ သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြေရှိနေကြောင်း ဝိုင်က အရိပ်အမြွက်ပြောဆိုခဲ့ဖူးသည်။

ဝိုင်သည် လွန်ခဲ့သောအပတ်တွင် ကမ်ပါလာဆင်ခြေဖုံးရှိ နေအိမ်ထဲမှာပင် ရဲတပ်ဖွဲ့ဝင်များ၏ဖမ်းဆီးခံရခြင်းအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ဆုံမှုများရှိခဲ့သည်။

ယမန်နှစ်သြဂုတ်တွင် နိုင်ငံမြောက်ပိုင်းရှိ မြို့တစ်မြို့၌ မူဆာဗဲနီပါဝင်သော ယာဉ်တန်းကို ကျောက်ခဲဖြင့် ပစ်ခတ်မှုတွင် ဝိုင်ပါဝင်ခဲ့ကြောင်း စွပ်စွဲပြီး ဝိုင်သည် နိုင်ငံတော်သစ္စာဖောက်မှုကျူးလွန်ခဲ့သည်ဟု အစိုးရရှေ့နေများက ပြောဆိုခဲ့သည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဝိုင်အဖမ်းခံခဲ့ရပြီးနောက် ကမ်ပါလာတွင် ၎င်းကိုထောက်ခံသူများက ချီတက်ဆန္ဒပြခဲ့ကြသည်။ဆန္ဒပြမှုအတွင်းပါဝင်သူ ဒါဇင်ပေါင်းများစွာသည်လည်း အဖမ်းခံခဲ့ရသည်။

ဝိုင်သည် ယူဂန္ဓာ၌ အောင်မြင်ကျော်ကြားသော အဆိုတော်တစ်ဦးဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် အမျိုးသားလွှတ်တော်အမတ်ဖြစ်လာခဲ့သည်။ မူဇာဗဲနီ၏ ဆက်လက်အုပ်ချုပ်ရန် ကြိုးပမ်းမှုကို ဆန့်ကျင်ခဲ့ပြီးနောက် ဝိုင်ကို ပိုမိုလူကြိုက်များလာခဲ့သည်။