ပနားမားနိုင်ငံတွင် အယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် မိုးခေါင်မှု ဆိုးရွားနေသဖြင့် ပနားမားတူးမြောင်းရှိဂါတန်ရေကန်ကြီးရေလျော့နည်းလာရာ သင်္ဘောကြီးများရေစူးလျှော့ချဖြတ်သန်းရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်နှစ်ပိုင်းက အသစ်တည်ဆောက်ဖွင့်လှစ်လိုက်သောပိုကြီးသည့် ရေတံခါးမှ ဖြတ်သန်းမည့် သင်္ဘောကြီးများသာရေစူးလျှော့ချဖြတ်သန်းရန်လိုကြောင်းလည်းသိရသည်။
ထိုသင်္ဘောကြီးများကိုယခင်ကရေစူး ၄၄ ပေထိခွင့်ပြုထားရာမှ ဧပြီလကုန်မှစတင်ကာ ၄၃ ပေသာခွင့်ပြုမည်ဖြစ်ကြောင်း ပနားမားတူးမြောင်းအာဏာပိုင်အဖွဲ့ကထုတ်ပြန်ထားသည်။
ယခင် ရေတံခါးများသည် ပိုကြီးသောသင်္ဘောကြီးများ ဖြတ်သန်းရန် မဖြစ်နိုင်သဖြင့်ပနားမားသည် ရေတံခါးသစ်ကိုတိုးချဲ့တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
မိုးခေါင်ကာတူးမြောင်းရေမျက်နှာပြင် ကျဆင်းမှုကြောင့် တူးမြောင်းတစ်လျှောက် မြစ်လက်တက်၊ ချောင်းငယ်များမှ သွားရသောကျေးရွာများသို့လည်းရေမရောက်သဖြင့် ကမ္ဘာလှည့်ခရီးသည် လုပ်ငန်းများထိခိုက်ကာထိုရွာများဝင်ငွေကျဆင်းမည့် အန္တရာယ်လည်း ကြုံနေရသည်။
ပနားမားတူးမြောင်းသည် ၂၀၁၈ ခုနှစ်ကဝင်ငွေ ဒေါ်လာ ၂ ဒသမ ၅ ဘီလျံရရှိခဲ့သည်။သင်္ဘောကြီးများရေစူးလျှော့ချ ဖြတ်သန်းရမှုကြောင့် တူးမြောင်းဝန်ဆောင်ခလည်းလျှော့ချကောက်ခံရမည်ဖြစ်ရာယခုနှစ်အဖို့ ဝင်ငွေ ဒေါ်လာ ၁၅ သန်းခန့် နစ်နာရနိုင်ကြောင်းခန့်မှန်းထားသည်။
ဂါတန်ရေကန်ကြီးသည် စတုရန်းကီလိုမီတာ ၄၃၆ ကျယ်ဝန်းပြီးကမ္ဘာ့အကြီးဆုံးလူလုပ်ရေကန်ကြီးလည်း ဖြစ်ကာယခုနှစ်တွင် ပုံမှန်အောက် ၄ ဒသမ ၆ပေ (၁ ဒသမ ၄ မီတာ) နိမ့်ကျခဲ့သည်။
တူးမြောင်းကိုရေထောက်ပံ့ပေးနေသောအခြားရေကန်ငယ်တစ်ခုဖြစ်သည့် အလာဂျူလာရေကန်သည်လည်းပုံမှန်အောက် ၇ ဒသမ ၂ ပေထိရေလျော့နည်းခဲ့သည်။

















