လူ၂၅၃ ဦးသေဆုံးခဲ့သော အီစတာတနင်္ဂနွေ ဗုံးခွဲတိုက်ခိုက်မှုနောက်ပိုင်း နိုင်ငံတစ်ဝန်း ဆိုရှယ်မီဒီယာမျာ းပိတ်ပင်ထားမှုကို သီရိလင်္ကာအစိုးရက ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။
ဖေ့စ်ဘွတ်ခ်၊ WhatsApp၊ ယူကျုနှင့် အခြားလူသုံးများသည့် ဆိုရှယ်မီဒီယာများကို ပိတ်ပင်ထားခြင်းမှ ပြန်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း သမ္မတမိုင်သရီပါလာသီရိသန၏ရုံးက ထုတ်ပြန်ကြေညာသည်။
အများပြည်သူအနေဖြင့် ဆိုရှယ်မီဒီယာကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် အသုံးပြုကြရန်လည်း နှိုးဆော်တိုက်တွန်းထားသည်။ခရစ်ယာန်ဘုရားကျောင်းများ၊ ဟိုတယ်များ ဗုံးခွဲတိုက်ခိုက်မှှုုနောက်ပိုင်း သတင်းမှားကောလာဟလများ ပျံ့ပွားမည်ကို ကာကွယ်ရန် ဆိုရှယ်မီဒီယာများကိုပိတ်ပင်ခဲ့ရခြင်းဖြစ်ကြောင်း အစိုးရက ရှင်းလင်းချက် ထုတ်ပြန်ထားသည်။
ဗုံးခွဲတိုက်ခိုက်မှုများနောက်ပိုင်းသီရိလင်္ကာသည် အများပြည်သူဆိုင်ရာနေရာများတွင် မျက်နှာကိုအဝတ်နှင့်အုပ်ကာ သွားလာမှုများကိုလည်း တားမြစ်လိုက်သည်။
တားမြစ်ချက်သည် မွတ်ဆလင် အမျိုးသမီးများ မျက်နှာခြုံကာသွားလာခြင်းကို ပစ်မှတ်ထားရာရောက်နေသော်လည်း သမ္မတသီရိသနကမူ မည်သည့်လူ့အဖွဲ့အစည်းကိုမျှ ပစ်မှတ်ထားခြင်းမဟုတ်ကြောင်း၊ မည်သူမည်ဝါ ခွဲခြားမရအောင် မျက်နှာကိုအဝတ်နှင့်အုပ်သည့် လုပ်ရပ်တိုင်းကို တားမြစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားထားသည်။
သီရိလင်္ကာက ဆိုရှယ်မီဒီယာပိတ်ပင်ထားမှု ပြန်ဖွင့်ပေးလိုက်သည့်နေ့နှင့် တိုက်ဆိုင်စွာပင် ငါးနှစ်ခန့် ပျောက်နေသော အိုင်အက်စ်အဖွဲ့ခေါင်းဆောင်သည်လည်း ဗီဒီယိုတစ်ခုဖြင့် ပြန်ပေါ်လာပြီးသီရိလင်္ကာကို ၎င်းတို့ တိုက်ခိုက်ခြင်းသည် အနောက်တိုင်း၏ လုပ်ရပ်များအတွက် လက်စားချေသည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်းပြောကြားခဲ့သည်။

















