အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် လူဖြူကြီးစိုးရေးဝါဒီတို့၏ နာဇီချီတက်ပွဲတစ်ရပ်ကိို ဗုံးထောင်ရန် စီစဉ်မှုဖြင့် အာဖဂန်စစ်ပြန်အမေရိကန်တစ်ဦးကို အက်ဖ်ဘီအိုင်ထောက်လှမ်းရေးအဖွဲ့က ဖမ်းဆီးခဲ့သည်။
နယူးဇီလန်၌ ဗလီများတွင်းတိုက်ခိုက်ခံရမှုသည် ဝဋ်လည်မှုဟုဆိုကာ လောင်းဘိချ်မှ ဘလပ်ဖ်ပန်းခြံတွင် နာဇီချီတက်ပွဲအသွင်ပြုလုပ်မည်ကို လက်လုပ်ဗုံးထောင်တိုက်ခိုက်ရန် မတ်ဒိုမင်ဂိုက စီစဉ်၍ ၄င်းအား ဧပြီ ၂၆ ရက်၌ ဖမ်းဆီးခဲ့ကြောင်း အစိုးရရှေ့နေက ဧပြီ ၂၉ ရက်၌ ပြောဆိုခဲ့သည်။
အာဖဂန်စစ်ပြန်တစ်ဦးဖြစ်သည့် ဒိုမင်ဂိုသည် အသက် ၂၆ နှစ်ရှိပြီး အစ္စလာမ်ဘာသာသို့ ကူးပြောင်းထားသူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။
၄င်းသည် ဂျီဟတ်ဝါဒီတို့၏အကြမ်းဖက်မှုကိုထောက်ခံခဲ့ပြီး အိုင်အက်စ်အုပ်စုကို သစ္စာခံခြင်းဖြင့်လည်း အာဇာနည်တစ်ဦးဖြစ်လာမည်ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း အစိုးရရှေ့နေ နစ်ဟာနာက သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။
၄င်းသည် မတ် ၃ ရက်၌ အမေရိကန်သည်နောက်ထပ် လာ့စ်ဗီးဂတ်အဖြစ်မျိုး လိုအပ်ကြောင်း အွန်လိုင်းပေါ်တွင် ဖော်ပြခဲ့ကြောင်းလည်း စုံစမ်းစစ်ဆေးသူများက ပြောဆိုခဲ့သည်။
လာ့စ်ဗီးဂတ်စ်တွင် ၂၀၁၇ ခုနှစ်က ဂီတပွဲလာလူအုပ်ထဲ ပစ်ခတ်၍ ၅၉ ဦး သေဆုံးခဲ့ရသည်။ဒိုမင်ဂိုတွင် ချေမှုန်းရေးရိုင်ဖယ် တစ်လက်၊ တစ်ဝက်မောင်းပြန်သေနတ်တစ်လက်နှင့် ကျည်ဆန်များ ကျည်ကပ်များ အများအပြားရှိပြီး ၂၀၁၃ ခုနှစ်မှစ၍ အကြမ်းဖက်များပြုရန် အွန်လိုင်းချက်တင်၌ ဆွေးနွေးခဲ့ကြောင်း၊ ပြီးခဲ့သည့်မတ်လ နယူးဇီလန်ဗလီများအတွင်း တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် လက်စားချေတိုက်ခိုက်ရန် နည်းလမ်းရှာဖွေ ဆွေးနွေးလာခဲ့ကြောင်း၊ ပရက်ရှာကွတ်ကာနှင့် အိမ်ရိုက်သံများအသုံးပြု၍ ဗုံးတစ်လုံးပြုလုပ်၍ လူဖြူကြီးစိုးရေးဝါဒီများ ချီတက်ပွဲကို တိုက်ခိုက်ရန်စီစဉ်ခဲ့ကြောင်း အက်ဖ်ဘီအိုင်က ရှင်းပြခဲ့သည်။
၄င်း၏အစီအစဉ်မတိုင်မီနှစ်ရက်တွင် အက်ဖ်ဘီအိုင်အထူးတပ်ဖွဲ့က ဒိုမင်ဂိုကို ဖမ်းဆီးနိုင်ခဲ့သည်။ဧပြီ ၂၈ ရက်က လောင်းဘိချ်မှ ဘလပ်ဖ်ပန်းခြံတွင် လူဖြူတို့၏ချီတက်ပွဲ မပြုလုပ်ဖြစ်ဘဲ ၄င်းတို့အားဆန့်ကျင်သည့် တန်ပြန်ဆန္ဒပြပွဲသာ ကြီးကျယ်စွာ ကျင်းပခဲ့ကြောင်းလည်း သတင်းတွင် ဖော်ပြခဲ့သည်။

















