ပိုလန်အစိုးရကအနုပညာလက်ရာပစ္စည်းများအပေါ်ဆင်ဆာဖြတ်တောက်မှုကို ဆန့်ကျင်သည့်အနေဖြင့် ပိုလန်နိုင်ငံမြို့တော် ဝါဆောရှိ အမျိုးသားပြတိုက်ရှေ့၌ ဧပြီ ၂၉ ရက်တွင် လူငယ်ရာပေါင်းများစွာသည် ငှက်ပျောသီးစားပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
နာမည်ကျော် အနုပညာရှင် နာတာလီအယ်လ်အယ်လ် ၁၉၇၃ ခုနှစ်တွင် ဖန်တီးသည့် အမျိုးသမီးငယ်တစ်ဦးက ငှက်ပျောသီးတစ်လုံးကို အရသာခံစားသောက်ပုံ စားသုံးသူအနုပညာ အမည်ရှိ ဗီဒီယိုကို အမျိုးသားပြတိုက်တွင် ပြသထားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယင်းဗီဒီယိုသည် လူငယ်များအတွက် လှုံ့ဆော်စရာဖြစ်နိုင်သည်ဟု အာဏာပိုင်များကပြောဆိုကာ လွန်ခဲ့သောအပတ်တွင် ဖယ်ရှားခဲ့သည်။
ဆန္ဒပြမှုများပြုလုပ်ရန် အနုပညာရှင်များနှင့် အတိုက်အခံနိုင်ငံရေးသမားများက လှုံဆော်ခဲ့ကြခြင်းဖြစ်သည်။
လူငယ်များ၊ အနုပညာရှင်များနှင့် နိုင်ငံရေးသမားများသည် ၎င်းတို့က ငှက်ပျောသီးစားနေသည့် ပုံများကို ဖေ့စ်ဘွတ်ခ်နှင့် တွစ်တာတို့၌ ဖော်ပြခဲ့ကြသည်။
ပြတိုက်သို့လာရောက်ကြည့်ရှုသူများက အဆိုပါဗီဒီယိုနှင့်ပတ်သက်၍ ကန့်ကွက်ပြောဆိုခဲ့ပြီး လူငယ်များကို လှုံ့ဆော်မည့် အနုပညာလက်ရာများကို ဆန့်ကျင်ပါကြောင်း ပြတိုက်မှူးဂျာဇီ မီဇီယိုလက်ခ်က ပြောဆိုခဲ့သည်။
ထို့ပြင် နာမည်ကျော် အမျိုးသမီးအနုပညာရှင် ကာတာဇနီ ကိုဇရာက ၂၀ဝ၅ ခုနှစ်တွင် ဖန်တီးခဲ့သည့် ခွေးဝတ်စုံများဝတ်ဆင်ထားပြီး လေးဖက်ထောက်သွားနေသည့် အမျိုးသားနှစ်ဦးကို အမျိုးသမီးတစ်ဦးက ထိန်းကြောင်းနေပုံ ဗီဒီယိုသည်လည်း ဖယ်ရှားခံခဲ့ရသည်။
ပြတိုက်ကို ပြန်လည်ပြင်ဆင်စရာရှိနေသောကြောင့် လက်ရာများကို ဖယ်ရှားခြင်းဖြစ်ပြီး မေ ၆ ရက်နောက်ပိုင်းတွင် ပြန်လည်ပြသမည်ဖြစ်ကြောင်း မီဇိီယိုလက်ကပြောဆိုခဲ့သည်။
မီဇီယိုလက်သည် နိုင်ငံပိုင်ပြတိုက်၏ အကြီးအကဲအဖြစ် နိုဝင်ဘာတွင် ခန့်အပ်ခံခဲ့ရသူဖြစ်သည်။၂၀၁၅ ခုနှစ်တွင် အာဏာရရှိခဲ့သည့် ကွန်ဆာဗေးတစ် အမျိုးသားရေးဝါဒီအစိုးရလက်တွင် အနုပညာ၊ ယဉ်ကျေးမှုနှင့်ပတ်သက်၍ အငြင်းပွားစရာဖြစ်ရပ်များရှိခဲ့သည်။
ယဉ်ကျေးမှုဝန်ကြီး ပီယိုတြာ ဂလင်စကီးသည် ကက်သလစ်ဆိုင်ရာ အငြင်းပွားဖွယ်ရာပြဇာတ်များတင်ဆက်ရန် ပြင်ဆင်နေသည့် အနုပညာပွဲတော်များအား ရန်ပုံငွေလျှော့ချခဲ့သည့်အတွက် ဝေဖန်ခံခဲ့ရသည်။
ပိုလန်ထွက် ပန်းသီးများသည် အရသာပိုရှိပြီး ကယ်လိိုရီဓာတ်လည်းနည်းပါးလှကြောင်း၊ ငှက်ပျောသီးစားခြင်းကြောင့် အဝလွန်နိုင်ကြောင်း အထက်လွှတ်တော်ဥက္ကဋ္ဌဖြစ်သလို အာဏာရ ဥပဒေနှင့်တရားရေးပါတီတွင်း သြဇာကြီးမားသူလည်းဖြစ်သည့် စတာနီစလော ကာဇျူးစကီးက ပြောဆိုခဲ့သည်။

















