ဂျပန်ဘုရင် အကီဟီတိုသည် ထီးနန်းစွန့်ရန် နောက်ဆုံးသတ်မှတ်ရက်ဖြစ်သောဧပြီ ၃၀ တွင် ရှင်တိုဘုရားကျောင်း၌ အခမ်းအနားဖြင့် နတ်ဘုရားများကိုပူဇော်ကာနန်းစွန့်မည်ဖြစ်ကြောင်းအသိပေးအခမ်းအနားကျင်းပခဲ့သည်။
ကာရှီကိုဒိုကိုရိုရှင်တိုဘုရားကျောင်းတွင် ရိုးရာဝတ်စုံကိုဆင်မြန်းကာပူဇော်ပသမှုများ ပြုနေသောဂျပန်ဘုရင် အကီဟီတိုကို ရုပ်သံများတွင် မြင်တွေ့ရသည်။
ထိုဘုရားကျောင်းသည် ဘိုးဘွားစဉ်ဆက် တော်ဝင်မျိုးနွယ်နတ်သမီးအမာတီရာဆူကိုကိုးကွယ်တည်ထားသည့် ကျောင်းတော်ဖြစ်သည်။ဝတ်ပြုအခမ်းအနားတစ်စိတ်တစ်ပိုင်းကိုသာ ရုပ်သံကထုတ်လွှင့်ခဲ့သည်။
နန်းတော်တွင် ကျင်းပမည့် နန်းစွန့်ပွဲအခမ်းအနား၌လည်းအကီဟီတိုသည် တော်ဝင်မိသားစုဝင်များ၊ အစိုးရအရာရှိများရှေ့မှောက်တွင် နန်းစွန့်ကြောင်းကိုတရားဝင်ကြေညာမည်ဖြစ်သည်။
အကီဟီတိုသည် ယခုအခါ အသက် ၈၅ နှစ်ရှိပြီဖြစ်ပြီး ၁၉၈၉ ခုနှစ်ကနန်းတက်ခဲ့ကာနန်းတော်ကို ပြည်သူအများနှင့် နီးကပ်မှု ရှိစေရန် ကြိုးပမ်းအားထုတ်နိုင်ခဲ့မှုကြောင့် ပြည်သူ့မေတ္တာကိုခံယူရရှိသောဘုရင်တစ်ပါး ဖြစ်ခဲ့သည်။
အကီဟီတိုအုပ်စိုးမှုကာလသည် ဧပြီ ၃၀ သန်းခေါင်ချိန်ထိဖြစ်ကာမေ ၁ ရက်က စတင်ပြီးသားတော် နာရူဟီတို၏ အုပ်စိုးမှှုုကာလသို့ ကူးပြောင်းရောက်ရှိမည်ဖြစ်သည်။ သားတော် အိမ်ရှေ့စံနာရူဟီတိုသည် မေ ၁ ရက်တွင် ထီးနန်းတက်ပွဲကျင်းပကာနန်းသုံးဓား၊ ကျောက်မျက်ရတနာနှင့် နန်းစဉ်တံဆိပ်တော်တို့ကိုအဆောင်အယောင်အဖြစ် လက်ခံမည်ဖြစ်သည်။
နာရူဟီတိုသည် ငါးရာစုကစတင်ခဲ့သောဂျပန် နန်းစဉ်မျိုးဆက်၏ ၁၂၆ ဦးမြောက် ရှင်ဘုရင်ဖြစ်သည်။

















