ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ ဘဏ္ဍာရေးစနစ်ပြိုလဲနိုင်ခြေရှိနေကြောင်း ကုလသတိပေး

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ ဘဏ္ဍာရေးစနစ်ပြိုလဲနိုင်ခြေရှိနေကြောင်း ကုလသတိပေး

ပါလက်စတိုင်း၏ဘဏ္ဍာရေးအကျပ်အတည်းလွန်စွာဆိုးရွားလာသောကြောင့် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ဘဏ္ဍာရေးစနစ်တစ်ခုလုံး ပြိုလဲသွားနိုင်ခြေရှိနေကြောင်း ကုလသမဂ္ဂ၏နိုင်ငံရေးဆိုင်ရာအကြီးအကဲ ရို့စ်မေရီ ဒီကာလိုက ဧပြီ ၂၉ ရက်တွင် သတိပေးပြောဆိုခဲ့သည်။

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ရန်ပုံငွေအကျပ်အတည်းကို အရေးတကြီးဖြေရှင်းရန် လိုအပ်နေပြီဖြစ်ကြောင်း ဒီကာလိုကပြောဆိုခဲ့သည်။

ပါလက်စတိုင်းသားများအတွက် ကောက်ယူသော တစ်လ ဒေါ်လာ သန်း ၁၈၀ သန်းအနက် ၁၁ သန်းကို အကြမ်းဖက်သမားများ၏ကျန်ရစ်သော မိသားစုဝင်များအား ထောက်ပံ့ရန် အသုံးပြုနေသည်ဟု စွပ်စွဲကာ အစ္စရေးက မထုတ်ပေးဘဲနေခဲ့သည်။

အစ္စရေးက ပါလက်စတိုင်းများအား ပေးအပ်ရမည့် အခွန်ပြန်အမ်းငွေများကို ထိန်းသိမ်းထားခြင်းသည် ပြောင်ပြောင်တင်းတင်းခိုးယူခြင်းဖြစ်ပြီး ယင်းသည် ပါလက်စတိုင်းနှင့် အစ္စရေးတို့ကြား အပြန်အလှန်သဘောတူညီထားမှုနှင့် ဂျနီဗာကွန်ဗင်းရှင်းအရ အသိမ်းပိုက်ခံပြည်သူများ၏အရင်းအမြစ်များကို အလွဲသုံးစားမပြုရဟုပိတ်ပင်တားမြစ်ချက်ကိုပါ ချိုးဖောက်လိုက်ခြင်းလည်းဖြစ်ကြောင်း ကုလဆိုင်ရာပါလက်စတိုင်းသံအမတ်ကြီး ရီယတ် မန်ဆာက ပြောဆိုခဲ့သည်။

မွတ်စလင်မြင့်မြတ်သောလဖြစ်သည့် ရာမာဒန်အတွင်း လစာများကို ရာခိုင်နှုန်း ၆၀ အထိတိုးမြှင့်ပေးရန်ရှိနေသော်လည်း ထောက်ပံ့ငွေများမရရှိခြင်းကြောင့် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့သည် ဝန်ထမ်းများ၏လစာကို မတ်လမှစ၍ ထက်ဝက်လျှော့ချခဲ့ရသည်။

တစ်လလျှင် ဒေါ်လာ ၆၀ဝ အောက်ရရှိသည့် လစာအနည်းဆုံးဝန်ထမ်းများမှာမူ လစာအပြည့်ရရှိမည်ဖြစ်သည်။

ထရမ့်အစိုးရသည် ပါလက်စတိုင်းသားများကိုထောက်ပံ့နေသည့် ရန်ပုံငွေများကို ဒေါ်လာသန်းပေါင်းများစွာ လျှော့ချထားပြီးဖြစ်သည်။