ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် အိပ်ပျော်စဉ်လမ်းထလျှောက်တတ်သည့်ရောဂါရှိသူ အမျိုးသမီးငယ်ကို သားမယားပြုကျင့်ခဲ့သူနှစ်ဦးအား သက်ဆိုင်ရာက ဧပြီ ၂၉ ရက်တွင် ဖမ်းဆီးခဲ့သည်။
ဧပြီ ၂၈ ရက် ည ၁၂ နာရီ ၄၅ မိနစ်တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၁၄ ရပ်ကွက်နေ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးသည် နေအိမ်တွင် မိသားစုနှင့်အတူအိပ်နေရာမှ တစ်ရေးနိုးသဖြင့် အိပ်ရာမှထစဉ် အိပ်ပျော်နေသည့် သားသမီး ၇ ယောက်အနက် အသက် ၆ နှစ်အရွယ်သမီးငယ်မှာ ပျောက်ဆုံးနေသည်ကို တွေ့ခဲ့ရသည်။
သမီးငယ်မှာ အိပ်ပျော်နေစဉ် ယောင်ယမ်းပြီး အိမ်ရှေ့လမ်းပေါ်သို့ လျှောက်သွားတတ်သည့် အကျင့်ရှိသဖြင့် လိုက်လံရှာဖွေရာ သွေးထွက်ဒဏ်ရာများဖြင့် သမီးဖြစ်သူကို တွေ့ရကြောင်း တစ်ရပ်ကွက်တည်းနေ အမျိုးသမီးတစ်ဦးက ပြောပြသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။
သမီးဖြစ်သူတွင် ဝဲဘက်နားထင်၊ဝဲနှုတ်ခမ်းစွန်းများတွင် သွေးထွက်ဒဏ်ရာများနှင့် အမျိုးသမီးအင်္ဂါတွင် သွေးထွက်ဒဏ်ရာများတွေ့ရှိကာ ငိုနေသည်ကိုတွေ့ရှိခဲ့သဖြင့် မေးမြန်းရာ လူနှစ်ဦးက အင်းဝလမ်းမြေကွက်လပ်ပေါ်သို့ ခေါ်ဆောင်သွားပြီးလက်သီးနှင့်ထိုးကာ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ပြောပြသိရသဖြင့် အရေးယူပေးရန်သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။
ဒဂုံအရှေ့ပိုင်းမြို့မရဲစခန်းက(ပ)၄၄၄/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၂၃/၁၁၄ အရ မှုဖွင့်ကာ စုံစမ်းဖော်ထုတ်ခဲ့သည်။
အခင်းဖြစ်ပွားရာနေရာတွင် တွေ့ရှိခဲ့သည့် စက်ဘီးနှင့် ပတ်သက်၍ သက်ဆိုင်ရာကစုံစမ်းခဲ့ရာ တစ်ရပ်ကွက်တည်းနေ နိုင်လင်းဦး(၂၇ နှစ်)နှင့် ဇော်ထက်နိုင်(၁၇ နှစ်)တို့နှစ်ဦးကိုအမှုဖြင့် ဖမ်းဆီးခဲ့သည်။
၄င်းတို့ နှစ်ဦးကို စုံစမ်းချက်များအရ တိုင်ကြားထားသည့် အမှုကို ကျူးလွန်ခဲ့ကြောင်းပေါ်ပေါက်သဖြင့် သက်ဆိုင်ရာက ဆက်လက် အမှုဖွင့်အရေးယူထားသည်။

















