စစ်ကိုင်းမြို့တွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်ကို သားမယားပြုကျင့်ခဲ့သူလူငယ်ကို ရဲတပ်ဖွဲ့က ဧပြီ ၃၀ ရက်တွင် အမှုဖွင့် အရေးယူထားသည်။
အဆိုပါနေ့ ည ၁၀ နာရီခွဲတွင် စစ်ကိုင်းမြို့ မင်းကွန်းကျေးရွာအုပ်စု ဈေးဆိပ်ကျေးရွာတွင် မိန်းကလေးငယ်တစ်ဦး သားမယားအဖြစ်ကျူးလွန်ခံရကြောင်း ကလေးငယ်၏ မိခင်က သက်ဆိုင်ရာသို့တိုင်ကြားခဲ့သည်။
သက်ဆိုင်ရာ၏ စုံစမ်းချက်အရ အဆိုပါကျေးရွာနေ အသက် ၁၁ နှစ်အရွယ် မိန်းကလေးနှင့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်တို့ကို တစ်ရွာတည်းနေ ဇင်ဟန်ထက် (ခ) မှတ်ကြီး (၁၉) နှစ်က ကွမ်းယာဝယ်ယူရန်အတွက် ဆိုင်ကယ်ဖြင့် မင်းကွန်းဓမ္မနာဒဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်းပေါ်ပေါက်ခဲ့ သည်။
ကွမ်းယာဝယ်ယူပြီးနောက် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်ကို ဓမ္မနာဒကျောင်းရှေ့တွင် ချထားခဲ့ပြီး ဓမ္မနာဒကျောင်းမြောက်ဘက်မှောင်ရိပ်ကျသည့် သရက်ပင်အောက်တွင် ၁၁နှစ်အရွယ်မိန်းကလေးကို အဓမ္မကျင့်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
မင်းကွန်းနယ်မြေရဲစခန်းကကျူးလွန်သူကို (ပ)၂၀/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ဖမ်းဆီးထားသည်။

















