တောင်ကြီးမြို့တွင် အသက် ၇ လအရွယ် ကလေးငယ်အပါအဝင် လူ ၄ ဦးကို ဒဏ်ရာများဖြင့် သေဆုံး အောင်ပြုလုပ်ခဲ့မှုမှ သံသယရှိသူ တစ်ဦးကိုကျောက်မဲမြို့တွင်ဖမ်းဆီးထားကြောင်း တောင်ကြီးမြို့မရဲစခန်းမှ သိရသည်။
'' ကျောက်မဲမှာ သံသယရှိတဲ့သူတစ်ယောက်ကို မနေ့က ဖမ်းမိထားတယ်။ လောလောဆယ် ၃ ယောက်တော့ ကြားရတယ်။ အမှုက CID ကစစ်နေတဲ့ အတွက်ကြောင့် အသေးစိတ်တော့မသိသေးဘူး" ဟု တောင်ကြီးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လေးလောင်းပြိုင်လူသတ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သည်ဆိုသူတစ်ဦးကို ဧပြီ ၃၀ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲတွင် ဖမ်းဆီးခဲ့ပြီး အမှုနှင့်ပတ်သက်၍ သေဆုံးသူများ၏ ဆွေမျိုးများနှင့် သံသယရှိသူများကို ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဇော်ခင်မောင်က အတည်ပြုပြောဆိုထားသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၈ ရက်နံနက်ပိုင်းက
တောင်ကြီးမြို့ ကံသာရပ်ကွက် မင်္ဂလာလမ်း အမှတ် (၁၁၈)ရှိ မြင်းဖြူ နှစ်ကောင်ဆေးတိုက် ဆေးတိုက်ဝန်ထမ်း မနန်းပြည့်ပြည့်က အလုပ်လာရောက်ဆင်းစဉ် နေအိမ်အောက်ထပ်တွင် စိုင်းဆေမွန်းမှာ ဓားဒဏ်ရာများဖြင့်သေဆုံးနေသည်ကို တွေ့ရသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။
သက်ဆိုင်ရာက အခင်းဖြစ်ရပ်သို့ စစ်ဆေးဆောင်ရွက်စဉ် အမျိုးသမီး နှစ်ဦးနှင့် အသက် ၇ လအရွယ် ကလေးငယ်တို့ပါ ဒဏ်ရာများရရှိသေဆုံးနေသည်ကို တွေ့ခဲ့ရသည်။
ဆေးတိုက်ပိုင်ရှင်မိသားစုဝင်များဖြစ်သည့် စိုင်းဆေမွန်း (၂၇)နှစ်၊ နန်းခမ်းလှိုင်၊ (၂၃)နှစ်၊ မောင်ဖဖ (၇)လ နှင့် အိမ်အကူလုပ်ကိုင်သူ မအေးမိုး (၁၇)နှစ်တို့ သေဆုံးနေခြင်းဖြစ်သည်။
















