ဗင်နီဇွဲလား နိုင်ငံရေးပြဿနာကိုအကြမ်းမဖက်သောနည်းဖြင့် ဖြေရှင်းကာ ရွေးကောက်ပွဲသစ် ကျင်းပရန် ဥရောပနိုင်ငံများက နှိုးဆော်ခဲ့သော်လည်း သမ္မတနီကိုလက်စ်မာဒူရိုကို ဖြုတ်ချရန် အတိုက်အခံ ဟွမ်ဂွိုင်ဒိုက ကြိုးပမ်းနေမှုကိုမူ ထောက်ခံမည်လားကန့်ကွက်မည်လား ဘုံသဘောတူညီချက်တစ်ရပ် မထုတ်ပြန်နိုင်ခဲ့ဘဲ အဖွဲ့ဝင်နိုင်ငံများကြား မူဝါဒသဘောထားကွဲလွဲမှု ကြီးမားလျက်ရှိသည်။
ဧပြီ၃၀ရက် ညပိုင်းတွင် ဥရောပသမဂ္ဂ ထုတ်ပြန်ချက်၌ ဗင်နီဇွဲလားနိုင်ငံတွင်း မည်သည့်အကြမ်းဖက်မှုကိုမဆို ဆန့်ကျင်ကြောင်း၊ လွတ်လပ်မျှတသည့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး အားပေးကြောင်းသာ ဖော်ပြထားသည်။
ဥရောပသမဂ္ဂ တစ်ခုလုံးအနေဖြင့် ပြင်းထန်သည့် ကြေညာချက်မျိုး မထုတ်ပြန်ခဲ့သော်လည်း ဥရောပလွှတ်တော် ဥက္ကဋ္ဌ အန်တိုနီယိုတာရာနီကမူ တစ်ဦးတည်းသဘောထားအနေဖြင့် အတိုက်အခံဟွမ် ဂွိုင်ဒိုကိုထောက်ခံကြောင်း တွစ်တာတွင် ရေးသားခဲ့ပြီး ယခုကာလသည် ဗင်နီဇွဲလားတွင် ဒီမိုကရေစီစနစ်ကို ပြန်သွားကာ လွတ်လပ်သောဗင်နီဇွဲလား ထူထောင်ရေး အကောင်းဆုံးအခါသမယဖြစ်ကြောင်း ရေးသားခဲ့သည်။
ယခုနှစ် ဖေဖော်ဝါရီတွင် အီတလီ၊ ဂရိ၊ ဆိုက်ပရပ်နှင့် ဆလိုဗားကီးယားတို့ကလွဲပြီး ကျန်ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက ဗင်နီဇွဲလားအတိုက်အခံဟွမ် ဂွိုင်ဒိုကို ကြားဖြတ်သမ္မတအဖြစ် ထောက်ခံကြောင်းကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။
အထက်ပါ လေးနိုင်ငံက မည်သည့်ဘက်ကိုမျှ မလိုက်ဘဲ ကြားနေအဖြစ်သာနေမည်ဟု ဆိုထားကြသည်။
အမေရိကန်အစိုးရကလည်း အတိုက်အခံဟွမ်ဂွိုင်ဒိုကိုထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အခြားနိုင်ငံများလည်း အလားတူထောက်ခံကြရန် နှိုးဆော်ခဲ့မှုကြောင့် စုစုပေါင်း ၅၄ နိုင်ငံအထိ ဟွမ်ဂွိုင်ဒိုကို ထောက်ခံခဲ့ကြသည်။
တရုတ်၊ ရုရှားနှင့် အခြားနိုင်ငံအများကလည်း သမ္မတမာဒူရိုကို ဆက်လက် ထောက်ခံထားဆဲဖြစ်ကြောင်း တွေ့ရသည်။

















