နှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲ အဆုံးသတ်နိုင်ရေးအတွက် အမေရိကန်နှင့် တရုတ် ကိုယ်စားလှယ်အဖွဲ့များ နောက်ဆုံးအဆင့် ဆွေးနွေးပွဲအသစ် ထပ်မံကျင်းပခဲ့ပြီး အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဗင် မနူချင်က တရုတ်နှင့် ကုန်သွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုသင့် မသင့်ကို ဆုံးဖြတ်နိုင်မည့် အနေအထား နီးစပ်လာပြီဟုလည်း ပြောကြားထားသည်။
နှစ်ဖက်အစိုးရအနေဖြင့် သဘောတူချက် တစ်စုံတစ်ရာထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း ဆွေးနွေးပွဲ တိုးတက်မှုရှိသည်ဟု ဆိုထားကြသည်။
အမေရိကန် ဉာဏမူပိုင်ခွင့်များကို ချိုးဖောက်အသုံးချထားသည့် စက်မှုဖွံ့ဖြိုးရေးစီမံကိန်းများကို ရပ်ဆိုင်းထားရန် အမေရိကန်က တရုတ်ကို ဖိအားပေးလျက်ရှိသည်။
ကိုယ်စားလှယ်အဖွဲ့နှစ်ဖွဲ့သည် ယခုသီတင်းပတ်တွင်ပေကျင်းမြို့ အစိုးရဂေဟာတွင် ဆွေးနွေးမည်ဖြစ်ပြီး လာမည့် သီတင်းပတ်တွင် ဝါရှင်တန်၌ ဆွေးနွေးမည်ဖြစ်သည်။ ထိုဆွေးနွေးပွဲနှစ်ရပ် ပြီးဆုံးပါက အမေရိကန်အစိုးရအနေဖြင့် တရုတ်နှင့် ကုန်သွယ်ရေး သဘောတူစာချုပ်တစ်ရပ် ချုပ်ဆိုသင့် မသင့်ကို သမ္မတ ဒေါ်နယ်ထရမ့်ထံ အစီရင်ခံမည်ဟု ဘဏ္ဍာရေးဝန်ကြီး မနူချင်က ပြောသည်။
အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို မနူချင်နှင့် ကုန်သွယ်ရေးအရာရှိ ရောဘတ် လိုင်သီဇာတို့က ဦးဆောင်ကာ တရုတ်ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယဝန်ကြီးချုပ် လျူဟီက ဦးဆောင်သည်။
တရုတ်သည် အမေရိကန်ကုမ္ပဏီများကို အကျပ်ကိုင်ကာ နည်းပညာများ ခိုးယူခဲ့သည်ဟု စွပ်စွဲကာ ပြီးခဲ့သည့်နှစ်က သမ္မတ ထရမ့်က တရုတ်ကုန်စည် ဒေါ်လာ ၂၅၀ ဘီလျံဖိုးအပေါ် အခွန်တိုးကောက်ခဲ့သည်။
တရုတ်ကလည်း အမေရိကန်ကုန်စည် ဒေါ်လာ ၁၁၀ ဘီလျံဖိုးအပေါ် အခွန်တိုးကောက်ခဲ့သည်။
စည်းကမ်းချက်များကို တရုတ်အစိုးရက လိုက်နာခြင်း ရှိ မရှိ အကဲဖြတ်နိုင်မည့်စနစ် ထားရှိရေးသည်လည်း ဆွေးနွေးသည့် အချက်များထဲတွင် အပါအဝင်ဖြစ်သည်။

















