အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ၄င်း၏လုံခြုံရေးလက်ထောက်များသည် အီဂျစ်အခြေပြု မွတ်စလင်ညီနောင်များအုပ်စု (မွတ်စလင် ဘရားသားဟုဒ်)ကို ပြည်ပအကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာရန် ချိန်ဆနေကြောင်း အိမ်ဖြူတော်က ထုတ်ဖော်ပြောဆိုခဲ့သည်။
အရှေ့အလယ်ပိုင်းတစ်ဝန်း အဖွဲ့ဝင်တစ်သန်းကျော်ရှိသည့် မွတ်စလင်ညီနောင်များအဖွဲ့နှင့် ၄င်းနောက်လိုက်များ၏ အစ္စလာမ္မစ်လှုပ်ရှားမှုအပေါ် ဒေသခေါင်းဆောင်များက စိုးရိမ်မှု တိုးမြင့်လာမှုနှင့်အတူ သမ္မတထရမ့်က ယင်းသို့ကြေညာရန် စဉ်းစားနေခြင်းဖြစ်ကြောင်း အိမ်ဖြူတော်ပြန်ကြားရေးတာဝန်ခံ ဆာရာဆန်းဒါးစ်က ဧပြီ ၃၀ ရက်၌ ပြောဆိုသည်။
နယူးယောက်တိုင်းမ်က စတင်ဖော်ပြခဲ့သည့် ယင်းသတင်းနောက်ခံသဘောထားသည် အသစ်အဆန်းမဟုတ်ချေ။ ယင်းသို့ကြေညာရန် ဥပဒေစံသတ်မှတ်ချက်အချို့ မပြည့်မီကြောင်း အချို့သူများက ထင်မြင်ကြသည်။
မွတ်စလင်ညီနောင်များအဖွဲ့သည် နိုင်ငံများစွာကိုဖြတ်ကျော်ပြန့်နှံ့၍ ကွဲပြားမှုများပြားလွန်းခြင်းကြောင့် အကြမ်းဖက်အဖွဲ့ဟုကြေညာချက် သက်ရောက်ရန် ခဲယဉ်းမည်ဖြစ်ကြောင်း ယူဆမှုများလည်းရှိသည်။
ယင်းအဖွဲ့ကို အီဂျစ်တွင် ၁၉၂၀ ပြည့်နှစ်များကတည်းက ထူထောင်ခဲ့ခြင်းဖြစ်သည်။ မွတ်စလင်ညီနောင်များအဖွဲ့ ခေါင်းဆောင်မှ သမ္မတ ဖြစ်လာသည့် မိုဟာမက်မော်စီသည် ၂၀၁၄ ခုနှစ်တွင် ဖယ်ရှားခံရကာ အဒဲလ်ဖာတား အဲလ်စီစီ သမ္မတဖြစ်လာပြီးနောက် ယင်းအဖွဲ့ကို မတရားသင်း ကြေညာခဲ့သည်။
သမ္မတစီစီသည် အမေရိကန်သို့ ဧပြီလအတွင်းလာရောက်လည်ပတ်ခဲ့ပြီးနောက် ယင်းသို့ကြေညာပေးရန် အမေရိကန်ကို မေတ္တာရပ်ခံခဲ့သည်ဟုလည်း အမေရိကန်မီဒီယာအချို့က ဖော်ပြခဲ့သည်။
အမေရိကန်က ပြည်ပအကြမ်းဖက်အဖွဲ့အဖြစ်ကြေညာရန် ယင်းအဖွဲ့က အမေရိကန်လုံခြုံရေး သို့မဟုတ် ကာကွယ်ရေး၊ နိုင်ငံခြားဆက်ဆံရေး သို့မဟုတ် အမေရိကန်စီးပွားရေးအကျိုးကိုခြိမ်းခြောက်သည့် အကြမ်းဖက်အပြုအမူ ရှိရမည်ဖြစ်သည်။
အမေရိကန်က အကြမ်းဖက်အဖွဲ့ဟုကြေညာပါက ယင်းအဖွဲ့နှင့်ဆက်သွယ်သည့်ပုဂ္ဂိုလ်များ၊ ကုမ္ပဏီများအပေါ် ပိတ်ဆို့မှု သက်ရောက်မည်ဖြစ်သည်။
ယင်းသို့သတ်မှတ်ပါက အရှေ့အလယ်ပိုင်းတွင် ဒီမိုကရေစီအရေးကြိုးပမ်းမှုများကို နှောင့်ယှက်ရာကျပြီး ဒေသတွင်း အခြားစစ်သွေးကြွအုပ်စုများအားကောင်းရေး မြှင့်တင်ရာရောက်မည်ဖြစ်ကြောင်း တူရကီအာဏာရ အေကေပါတီက ဝေဖန်ခဲ့သည်။

















