ဇမ်ဘီယာရှိ အကျဉ်းထောင်များ၌ ရေပုံးဖြင့် အပေါ့အလေးစွန့်ရသည့်စနစ်ပိတ်ပင်မည်

ဇမ်ဘီယာရှိ အကျဉ်းထောင်များ၌ ရေပုံးဖြင့် အပေါ့အလေးစွန့်ရသည့်စနစ်ပိတ်ပင်မည်

ဇမ်ဘီယာနိုင်ငံရှိ အကျဉ်းထောင်များတွင် အကျဉ်းသားများအား အပေါ့လေးစွန့်ရန် ထုတ်ပေးထားသည့် ရေပုံးများကို ပိတ်ပင်ပြီး ယင်းနေရာတွင် သန့်စင်ခန်းများဖြင့် အစားထိုးမည်ဖြစ်ကြောင်း နိုင်ငံပိုင်ဇမ်ဘီယာနေ့စဉ်ထုတ်သတင်းစာတွင်ဖော်ပြထားသည်။

အကျဉ်းထောင်များတွင် အကျဉ်းသားဦးရေများပြားလွန်းသောကြောင့် သန့်စင်ခန်းများကိုမထားရှိနိုင်သဖြင့် ရေပုံးများထုတ်ပေးထားရခြင်းဖြစ်သည်။

ကောင်းမွန်သော သန့်စင်ခန်းများကိုတည်ဆောက်မည်ဖြစ်သောကြောင့် ရေပုံးစနစ်ဟုသိကြသည့် အလေ့အထကို ချက်ချင်းရပ်ဆိုင်းရမည်ဖြစ်ကြောင်း ဇမ်ဘီယာအကျဉ်းဦးစီးဌာန( ဇက်စီအက်စ်) က ညွှန်ကြားခဲ့သည်။

ညွှန်ကြားချက်ကိုမလိုက်နာသည့် အရာရှိများသည် အရေးယူခံရမည်ဖြစ်ကြောင်း ဇက်စီအက်စ်ညွှန်ချုပ် ဒေါက်တာ ချီဆဲလာ ချီလဲရှီကပြောဆိုခဲ့သည်။

သန့်စင်ခန်းအစား ရေပုံးများဖြင့် အပေါ့အလေးစွန့်ရသည့် ဂုဏ်သိက္ခာမဲ့သောလုပ်ရပ်နေရာတွင် ကောင်းမွန်သော သန့်စင်ခန်းများရရှိစေမည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

ညွှန်ကြားချက်ကိုထုတ်ထားပြီးဖြစ်သောကြောင့် ရေပုံးစနစ်ကိုဆက်လက်ကျင့်သုံးနေဆဲဖြစ်ပါက ယင်းအကျဉ်းထောင်ရှိ တာဝန်ရှိသူ ဒုက္ခရောက်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

အကျဉ်းသားများ ကျန်းမာရေးကောင်းမွန်စေရန် ကောင်းမွန်သော မိလ္လာစနစ်နှင့် လေဝင်လေထွက်စနစ်လိုအပ်ကြောင်း ညွှန်ချုပ်ကပြောဆိုခဲ့သည်။

ဇမ်ဘီယာရှိ အကျဉ်းထောင်များတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူမဆန်စွာနေထိုင်ရမှုများရှိနေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့၏အစီရင်ခံစာတစ်ခုတွင်လည်းဖော်ပြထားသည်။