ပြင်သစ်၌ ဥပဒေသစ်အရ အမျိုးသမီးများအား လိင်ပိုင်းထိကပါးရိကပါးမှုဖြင့် ဒဏ်ရိုက်မှု ၄၄၇ မှုရှိ

ပြင်သစ်၌ ဥပဒေသစ်အရ အမျိုးသမီးများအား လိင်ပိုင်းထိကပါးရိကပါးမှုဖြင့် ဒဏ်ရိုက်မှု ၄၄၇ မှုရှိ

ပြင်သစ်နိုင်ငံ၌ မကြာသေးမီတွင် ပြဌာန်းလိုက်သည့် အမျိုးသမီးများအား အများပြည်သူဆိုင်ရာနေရာများတွင် လိင်ပိုင်းထိကပါးရိကပါးလုပ်မှုတားမြစ်ရေးဥပဒေအရ တရားရုံးများသည် ဒဏ်ရိုက်မှု ၄၄၇ မှုကိုပြုလုပ်ခဲ့ရပြီးဖြစ်သည်။

၂၀၁၈ ခုနှစ် သြဂုတ်တွင် အတည်ပြုခဲ့သည့် ဥပဒေအရ လိင်ပိုင်းထိကပါးရိကပါးလုပ်သူများအား ကျူးလွန်သည့်နေရာမှာပင် ယူရို ၇၅၀ ( ပေါင် ၆၅၀ ) ထိ ဒဏ်ငွေချမှတ်ခွင့်ရှိနေသည်။

ဥပဒေပြဌာန်းပြီး တစ်လအကြာတွင် ဘတ်စ်ကားတစ်စီးပေါ်တွင် အမျိုးသမီးတစ်ဦး၏တင်ပါးကို ကိုင်ပြီး ရိုင်းစိုင်းသော စကားများကိုပြောဆိုခဲ့သည့် အမျိုးသားတစ်ဦးအား ပထမဆုံးအကြိမ် ဒဏ်ငွေချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းအချိန်မှစ၍ ဒဏ်ရိုက်မှုများစွာရှိခဲ့သောကြောင့် အရေးယူမှုများ ထိရောက်သည်ကို သိနိုင်ကြောင်း ကျားမတန်းတူညီမျှရေးဝန်ကြီး မာလင်း ရှီယာပါကပြောဆိုခဲ့သည်။

ဥပဒေကြောင့် အမျိုးသမီးများကို လိင်ပိုင်းထိကပါးကရိကပါးလုပ်မှုများအား တားဆီးနိုင်မည်ဟု ယုံကြည်ကြောင်း၊ အဓိကထားရမည့်နယ်ပယ်မှာ အွန်လိ်ုင်းနယ်ပယ်ဖြစ်ပြီး တွစ်တာကဲ့သို့ လူမှုမီဒီယာများသည် အွန်လိုင်း၌ လိင်ပိုင်းထိကပါးရိကပါးလုပ်သည့် အကောင့်ပိုင်ရှင်များကို ဖော်ထုတ်ရာတွင် အကူအညီမရကြောင်း ၎င်းကပြောဆိုခဲ့သည်။

ဥပဒေသစ်အရ ကျူးလွန်သည့် နေရာမှပင် ဒဏ်ငွေ ယူရို ၉၀ မှ ယူရို ၇၅၀ အထိကောက်ခံခွင့်ရှိနေသည်။

အမျိုးသမီးများစွာသည် ရှည်လျားပြီးခက်ခဲသော တရားဝင်တိုင်ကြားမှုစနစ်တွင်ပါဝင်လိုခြင်းမရှိသောကြောင့် ကျူးလွန်သည့်နေရာမှာပင် အရေးယူခြင်းကို လိုလားကြသည်။

ကော်ဖီဆိ်ုင်တစ်ဆိုင်၌ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို ရိုက်နှက်နေပုံကို မှတ်တမ်းတင်ထားသည့် ဗီဒီယိုဖိုင်တစ်ခုကြောင့် ပြင်သစ်တစ်နိုင်ငံလုံး တုန်လှုပ်ခဲ့ပြီးနောက် တစ်လအကြာတွင် ဥပဒေကိုပြဌာန်းခဲ့ခြင်းဖြစ်သည်။ပြင်သစ်နိုင်ငံသားအမျိုးသမီးရှစ်ဦးလျှင် တစ်ဦးသည် ၎င်းတို့၏ဘဝတွင် အနည်းဆုံးတစ်ကြိမ်ခန့် လိင်ပိုင်းအနိုင်ကျင့်ခံခဲ့ရပြီး ၄၃ ရာခိုင်နှုန်းသည် ခွင့်ပြုချက်မရဘဲ လိင်ပိ်ုင်းသာယာလိုမှုဖြင့် ထိကိုင်ခံခဲ့ရကြောင်း ပြောဆိုခဲ့သည်ဟု ပါရီအခြေစိုက် ဖောင်ဒေးရှင်း ယန်းယောက်၏စာရင်းအင်းများအရ သိရသည်။