ယခင်စင်ကာပူဝန်ကြီးချုပ်များက နိုင်ငံတွင်းရှိ အလုပ်သမားအင်အားစုကို အားပေးထောက်ခံခဲ့သလိုမျိုး ၎င်းသည်လည်း အလုပ်သမားများနှင့် ဆက်ဆံရေးကောင်းမွန်အောင် ကြိုးပမ်းမည်ဖြစ်ကြောင်း မကြာသေးမီတွင် ဒုတိယဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခံခဲ့ရသည့် ဟန်ဆွီးကိက မေ ၁ ရက်တွင် ပြောသည်။
စင်ကာပူ၌ နှစ်စဉ်ပြုလုပ်နေကျ အလုပ်သမားနေ့၌ လူထုတွေ့ဆုံပွဲတစ်ခုအတွင်း ဒုတိယဝန်ကြီးချုပ်က ကတိပြုပြောဆိုခဲ့ခြင်းဖြစ်သည်။
အသက် ၅၇ နှစ်အရွယ် ဟန်သည် အာဏာရ ပြည်သူ့လှုပ်ရှားမှုပါတီတွင်း အရေးပါသော ရာထူးနေရာသို့ ယမန်နှစ်တွင် တိုးမြှင့်ခံခဲ့ရပြီး လွန်ခဲ့သောလတွင် ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။
ယင်းကြောင့် လာမည့်နှစ်များတွင် ရာထူးမှအနားယူတော့မည့် ဝန်ကြီးချုပ် လီရှန်လွန်းနေရာတွင် ဟန်သည် တာဝန်ထမ်းဆောင်ခွင့်ရရှိနိုင်ကြောင်း ပြောဆိုမှုများရှိလာခဲ့သည်။
ပြည်သူ့လှုပ်ရှားမှုပါတီခေါင်းဆောင်မျိုးဆက်သစ်တစ်ဦးအဖြစ် ယနေ့တွင်စကားပြောဆိုနေခြင်းဖြစ်ကြောင်း ဟန်က ဒုတိယဝန်ကြီးချုပ်တာဝန်စတင်သက်ရောက်သည့်နေ့တွင်ပြောဆိုခဲ့သည်။
ခေတ်သစ်စင်ကာပူနိုင်ငံကိုတည်ထောင်သူ မစ္စတာလီကွမ်းယူက လွန်ခဲ့သော နှစ်ငါးဆယ်ခန့်နှင့် ဝန်ကြီးချုပ်တိုင်းက နှစ်တိုင်း ကတိပြုခဲ့မှုကိုသာ ဆက်လက်ကိုင်စွဲလိုကြောင်း၊ ပါတီနှင့် အလုပ်သမားလှုပ်ရှားမှုကြား ဆက်ဆံရေးယခင်ကကဲ့သို့ ပင်ရှိမည်ဖြစ်ကြောင်း ဟန်ကပြောဆိုခဲ့သည်။
စင်ကာပူသည် နည်းပညာပြောင်းလဲလာမှုနှင့်လိုက်လျောညီထွေအောင် စီးပွားရေးကိုပုံစံပြောင်းလဲပြီး အနာဂတ်အလုပ်အကိုင်နေရာများတွင် လုပ်သားအင်အားကို ပြင်ဆင်ပေးရမည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

















