အာဖဂန်နစ္စတန်သည် ငြိမ်းချမ်းရေးနောက်ပိုင်းကာလအတွက် အဆင်သင့်ဖြစ်ဖွယ်မရှိသေးကြောင်း စောင့်ကြည့်အဖွဲ့သတိပေး

အာဖဂန်နစ္စတန်သည် ငြိမ်းချမ်းရေးနောက်ပိုင်းကာလအတွက် အဆင်သင့်ဖြစ်ဖွယ်မရှိသေးကြောင်း စောင့်ကြည့်အဖွဲ့သတိပေး

စေ့စပ်ရေးနှင့်ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေသော်လည်း အာဖဂန်နစ္စတန်နိုင်ငံသည် ငြိမ်းချမ်းရေးကာလ နောက်ပိုင်းအတွက် အရာရာ အဆင်သင့်ဖြစ်ဖွယ်မရှိသေးကြောင်း အမေရိကန်စောင့်ကြည့်အဖွဲ့တစ်ဖွဲ့က မေ ၁ ရက်၌ သတိပေးလိုက်သည်။

လူ့အဖွဲ့အစည်းတွင်း တာလီဘန်တိုက်ခိုက်ရေးသမားများ ပြန်လည်ပေါင်းစည်းရေး၊ အကျင့်ပျက်မှုတိိုက်ဖျက်ရေးနှင် ့ မူးယစ်ဆေးဝါးပြဿနာများဖြေရှင်းရေးတို့ကို မဟာဗျူဟာချမှတ်ဆောင်ရွက်ရန် လိုအပ်နေကြောင်း ဆီဂါ ခေါ် အာဖဂန် ပြန်လည်တည်ဆောက်ရေး အထူးစစ်ဆေးရေးမှူးချုပ်ရုံးက အဓိက ထောက်ပြခဲ့သည်။

အာဖဂန်သို့ အမေရိကန်တို့၏ ဒေါ်လာဘီလျံချီသောအကူအညီများကို စောင့်ကြည့်သည့်ယင်းအဖွဲ့၏ လေးလပတ်အစီရင်ခံ၌ ယင်းသို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့်လများအတွင်း အမေရိကန်သည် ၁၇ နှစ်ကြာ အာဖဂန်စစ်ပွဲကိုရပ်တန့်၍ ငြိမ်းချမ်းစွာအဖြေရှာရန် အားထုတ်ခဲ့သည်။

နိုင်ငံတစ်ဝက်ခန့် ထိန်းချုပ်ထားသည့် တာလီဘန်တို့က အာဖဂန်အစိုးရကို အမေရိကန်ရုပ်သေးရုပ်ဟု ဆိုကာ အမေရိကန်နှင့်သာ တိုက်ရိုက် ဆွေးနွေးရန်တောင်းဆိုခဲ့ပြီး နေ့စဉ်တိ်ုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့သည်။

အမေရိကန်နှင့် တာလီဘန်ကိ်ုယ်စားလှယ်များ ကာတာနိုင်ငံတွင် ဆွေးနွေးခဲ့ကြပြီး မေ ၁ ရက်မှစ၍ ခြောက်ကြိမ်မြောက် ဆွေးနွေးနေသည်။

အာဖဂန်စစ်ပွဲကြောင့် အမေရိကန်သည် ဒေါ်လာ ၁ ထရီလီယံ(သန်းပေါင်းတစ်သန်း)နီးပါး ကုန်ကျခဲ့ပြီး၊ ၂၀ဝ၂ ခုနှစ်မှစ၍ ပြန်လည်တည်ဆောက်ရေးတစ်ခုတည်းအတွက် ဒေါ်လာ ၁၃၂ ဘီလျံကုန်ကျခဲ့သည်။

ယင်းအနက် အများစုမှာ အာဖဂန်လုံခြုံရေးတပ်ဖွဲ့များကို လေ့ကျင့်လက်နက်တပ်ဆင်ပေးရာ၌ဖြစ်ပြီး  အစိုးရအဖွဲ့အစည်းများအားကောင်းရေး၊ ပညာရေး ကျန်းမာရေးတိုးတက်စေရေးတို့လည်း ပါဝင်သည်။

သို့သော် ရလဒ်မှာ မခိုင်ခံ့ဘဲ နိုင်ငံတွင်းမလုံခြုံမှုများ တိုးမြင့်နေကြောင်း ဆီဂါအကြီးအကဲ ဂျွန်ဆော့ပ်ကိုက ပြောဆိုခဲ့သည်။

တာလီဘန်တိုက်ခိုက်ရေးသမား ၆၀ဝ၀ဝ ခန့်နှင့် ၄င်းတို့မိသားစုများ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ပေါင်းစည်းရေး ပျက်ကွက်ခြင်းသည် ငြိမ်းချမ်းရေးကို ထိပါးစေမည်ဖြစ်ကြောင်းလည်း ဂျွန်ဆော့ပ်ကိုက ပြောဆိုခဲ့သည်။