ပြီးခဲ့သည့်နှစ် ဇူလိုင်က ထိုင်းနိုင်ငံမြောက်ပိုင်းဂူအတွင်း သီတင်းနှစ်ပတ်ကျော် ပိတ်မိနေခဲ့ရာမှ အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့သောကျောင်းသားဘောလုံးအသင်းမှ လူငယ် ၁၂ ဦးနှင့် နည်းပြတို့အကြောင်း ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရန် Netflix သည် 'Crazy Rich Asians'’ ဇာတ်ကားထုတ်လုပ်သည့် ကုမ္ပဏီနှင့် ပူးပေါင်းမည်ဖြစ်သည်။
Netflix နှင့် SK Global Entertainment တို့သည် ဇာတ်ကားရိုက်ကူးရေးအတွက် ဇာတ်လမ်းမူပိုင်ခွင့်ကို 13 Thumluangကုမ္ပဏီထံမှ ဝယ်ယူပြီးဖြစ်သည်။
လူငယ် ၁၂ ဦးနှင့် နည်းပြတိုု့အားကိုယ်စားပြုပေးရန် 13 Thumluangကုမ္ပဏီကိုထိုင်းအစိုးရကထူထောင်ပေးထားခြင်းဖြစ်သည်။
Netflix နှင့် SK Global Entertainmentပူးပေါင်းကာ ရုပ်ရှင်ထုတ်လုပ်မည့်အကြောင်းသတင်းစာရှင်းလင်းပွဲကိုဗန်ကောက်တွင် ကျင်းပခဲ့ပြီးလူငယ်များနှင့် နည်းပြတို့လည်းတက်ရောက်ခဲ့ကြသည်။
ရုပ်ရှင်ရိုက်ကူးထုတ်လုပ်မည့်သတင်းကိုယခုနှစ် မတ်လတွင် ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာနကဦးဆုံးထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီးဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးမည်ဟုသိရသည်။
သရုပ်ဆောင်ခနှင့် မူပိုင်ခွင့်များအတွက် လူငယ်တစ်ဦးလျှင် ထိုင်းဘတ် သုံးသန်း (ဒေါ်လာ ၉၄၀ဝ၀) ရရှိမည်ဟုလည်းထိုင်းအစိုးရလက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် ဝီရာချွန် ဆူကွန်ဟာပါတီပါကတ်ကပြောသည်။
စတင်ရိုက်ကူးမည့်ရက်၊ ပြသမည့် ရက်များကိုမူထုတ်ပြန်ခြင်းမရှိသေးပေ။ ပြီးခဲ့သည့်နှစ် ဇွန် ၂၃ ရက်က တောဝက် ဘောလုံးအသင်းမှ လူငယ် ၁၂ ဦးနှင့် နည်းပြတို့ ပျော်ပွဲစားထွက်ရန် ဂူအတွင်းဝင်သွားပြီးနောက် ရေတက်လာသဖြင့် ပိတ်မိနေခဲ့ကြကာဂူအတွင်းရေမလွှမ်းမီအမြန်ဆုံးကယ်ထုတ်နိုင်ရေး ကြိုးပမ်းမှုများက ၎င်းတို့ကိုကမ္ဘာကျော်စေခဲ့သည်။
ရေလွှမ်းကာထွက်လမ်းပိတ်နေသောဂူအတွင်းရေမရောက်နိုင်သည့် ကမူတစ်ခုပေါ်တွင် ရက်များစွာ ခိုလှုံနေသောလူငယ်များကို ဗြိတိန်ရေငုပ်သမားနှစ်ဦးကဦးဆုံးတွေ့ရှိခဲ့ပြီးနိုင်ငံတကာဂူတွင်းရေငုပ်ကျွမ်းကျင်အဖွဲ့များ၊ ထိုင်းနေဗီဆီးလ်တပ်ဖွဲ့များပူးပေါင်းကာ ကယ်ထုတ်နိုင်ခဲ့သည်။
ရုပ်ရှင်ရိုက်ကူးစရိတ် ရရှိသည့်အထဲမှ ၁၅ ရာခိုင်နှုန်းကိုသဘာဝဘေးကယ်ဆယ်ရေး နိုင်ငံတကာအဖွဲ့အစည်းများသို့ လှူဒါန်းသွားမည်ဟု13 Thumluangကုမ္ပဏီကထုတ်ပြန်ထားသည်။

















