သင်္ဃန်းကျွန်း(စံပြ)ဆေးရုံ၌ မီးဖွားပြီးစ အမျိုးသမီးသုံးလွှာပေါ်မှ ခုန်ချသေဆုံး

သင်္ဃန်းကျွန်း(စံပြ)ဆေးရုံ၌ မီးဖွားပြီးစ အမျိုးသမီးသုံးလွှာပေါ်မှ ခုန်ချသေဆုံး

သင်္ဃန်းကျွန်းမြို့နယ် သင်္ဃန်းကျွန်း(စံပြ)ဆေးရုံတွင် မီးဖွားပြီးခါစ အမျိုးသမီးတစ်ဦး သုံးလွှာပေါ်မှ ခုန်ချသေဆုံးခဲ့မှု မေ ၁ ရက် (ယနေ့) ဖြစ်ပွားခဲ့သည်။

ယနေ့ နံနက် ၁၁ နာရီခန့်တွင် သင်္ဃန်းကျွန်း(စံပြ)ဆေးရုံ ၆ လွှာဆေးကုသဆောင်၏ အထပ် ၃လွှာမြောက်မှ ခုန်ချသေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်နေ အသက် ၃၅ နှစ် အရွယ်အမျိုးသမီးဖြစ်ပြီး ဧပြီ ၂၄ ရက်တွင်  ဆေးရုံတက်၍ ကလေးမွေးဖွားပြီးသူဖြစ်သည်။ ၎င်းမှာ တီဘီရောဂါရှိသဖြင့် ကလေးငယ်ကို သားဖွားဆောင်၌ ထားကာ ၆ထပ်ကုသဆောင်၌ ဆေးကုသမှုခံယူစဉ် ခင်ပွန်း ဖြစ်သူ ဆေးထွက်ဝယ်စဉ် ခုန်ချသေဆုံးခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်အရ သိရသည်။

သေဆုံးသူ အမျိုးသမီးတွင် ဦးခေါင်းပေါက်ပြဲ၊ ညာဘက်နားသွေးထွက်ဒဏ်ရာရရှိထားပြီး အလောင်းကို ဆေးရုံမှ ပီအာရ် ၅၁ ဖြင့် လက်ခံထားကာ သင်္ဃန်းကျွန်းမြို့မရဲစခန်းက သေမှုသေခင်း ဖွင့်လှစ် စစ်ဆေးလျက်ရှိသည်။