တောင်ကြီးလေးလောင်းပြိုင်လူသတ်မှုမှ တရားခံ ဦးတင်အုံး(၆၀) နှစ်သည် ယနေ့မေ၄ရက် နံနက်၁၁နာရီမိနစ် ၅၀ တွင် တောင်ကြိီးမြို့မရဲစခန်း အချုပ်ခန်းအိမ်သာတွင် မူးလဲသဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် ပြင်ပဒဏ်ရာများမရှိဘဲ ကားပေါ်၌သေဆုံးသွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
တရားခံသည် ယခင် မူးယစ်ဆေးဝါးများသုံးစွဲခဲ့သည့်ဒဏ်နှင့် မူလဆီးချို၊သွေးတိုးရောဂါများရှိနေကာ သေဆုံးရသည့်အကြောင်းရင်းကိုမူ မှုခင်းဆိ်ုင်ရာ စစ်ဆေးချက်များစစ်ဆေးပြီးမှသာသိရှိနိုင်မည်ဟု ဆိုသည်။
တောင်ကြီးမြို့၌ ဖြစ်ပွားခဲ့သည့် အသက် ခုနစ်လအရွယ်ကလေးငယ်အပါအဝင် လေးလောင်းပြိုင် သတ်ဖြတ်ခံရမှုဖြင့် ပြစ်မှုကျူးလွန်သည်ဟု ယူဆရသူ၎င်းကို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ကျောက်မဲမြို့၌ ဖမ်းဆီးစစ်ဆေးခဲ့ရာမှ အဆိုပါအမှုကို အဓိကကြိုးကိုင်စေခိုင်းခဲ့ကြောင်း မေ ၁ ရက်က ပေါ်ပေါက်ခဲ့သည်။
ဖြစ်စဉ်မှာ ဧပြီ ၂၈ ရက်နံနက်ပိုင်းကတောင်ကြီးမြို့ ကံသာရပ်ကွက် မင်္ဂလာလမ်း အမှတ် (၁၁၈)ရှိ မြင်းဖြူ နှစ်ကောင်ဆေးတိုက် ဆေးတိုက်ဝန်ထမ်း မနန်းပြည့်ပြည့်က အလုပ်လာရောက်ဆင်းစဉ် နေအိမ်အောက်ထပ်တွင် စိုင်းဆေမွန်းမှာ ဓားဒဏ်ရာများဖြင့်သေဆုံးနေသည်ကို တွေ့ရသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။
သက်ဆိုင်ရာက အခင်းဖြစ်ရပ်သို့ စစ်ဆေးဆောင်ရွက်စဉ် အမျိုးသမီး နှစ်ဦးနှင့် အသက် ၇ လအရွယ် ကလေးငယ်တို့ပါ ဒဏ်ရာများရရှိသေဆုံးနေသည်ကို တွေ့ခဲ့ရသည်။
ဆေးတိုက်ပိုင်ရှင်မိသားစုဝင်များဖြစ်သည့် စိုင်းဆေမွန်း (၂၇)နှစ်၊ နန်းခမ်းလှိုင်၊ (၂၃)နှစ်၊ မောင်ဖဖ (၇)လ နှင့် အိမ်အကူလုပ်ကိုင်သူ မအေးမိုး (၁၇)နှစ်တို့ သေဆုံးနေခြင်းဖြစ်သည်။



















