ဂျပန်ဧကရာဇ်ဘုရင် နာရူဟီတိုသည် ဖခမည်းတော်ထံမှ ထီးနန်းဆက်ခံခဲ့ချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် မေ ၄ ရက်တွင် အများပြည်သူရှေ့ထွက်ကာ နှုတ်ခွန်းဆက်စကားပြောဆိုခဲ့သည်။
နာရူဟီတိုသည် အသက် ၈၅ နှစ်အရွယ် ဖခမည်းတော် အကီဟီတို နန်းစွန့်ပြီးနောက် တစ်ရက်အကြာ မေ ၁ ရက်တွင် နန်းတက်ခဲ့ခြင်းဖြစ်သည်။
နန်းတော်ရင်ပြင်ကိုစီးမြင်ရသည့် လေသာဆောင်မှတစ်ဆင့် နာရူဟီတိုသည် ၎င်းကိုချစ်ခင်သူထောင်ပေါင်းများစွာအား နှုတ်ခွန်းဆက်စကားပြောဆိုခဲ့သည်။
နာရူဟီတိုနှင့်အတူ ကြင်ယာ မာဆာကိုကလည်း အများပြည်သူရှေ့ထွက်ခဲ့သည်။ အားပေးထောက်ခံခဲ့သည့်အတွက် အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း နာရူဟီတိုကပြောဆိုခဲ့သည်။
နိုင်ငံသားများ ကျန်းမာချန်းသာပါစေဟု ဆန္ဒပြုပြီး အခြားနိုင်ငံများနှင့်လက်တွဲကာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အားထုတ်ကြိုးပမ်းမည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
ဘုရင်၏နှုတ်ခွန်းဆက်စကားပြောဆိုခဲ့ပြီးနောက် အခမ်းအနားတက်ရောက်သူများသည် ဝမ်းမြောက်ဝမ်းသာကြွေးကြော်ခဲ့ကာ ဂျပန်နိုင်ငံတော်အလံများကို ဝှေ့ယမ်းခဲ့ကြသည်။
လက်ရှိဧကရာဇ်ဘုရင်၏လုပ်ငန်းဆောင်တာကို ဝင်ရောက်စွက်ဖက်သည်ဟု ထင်မြင်လာမည်ကိုစိုးရိမ်သောကြောင့် ဂုဏ်ထူးဆောင်ဧကရာဇ်ဘုရင်ဖြစ်သွားသည့် အကီဟီတိုနှင့် ကြင်ယာတို့က နှုတ်ခွန်းဆက်အခမ်းအနားသို့ တက်ရောက်ခြင်းမပြုခဲ့ချေ။
မေ ၄ ရက်တွင် နာရူဟီတိုသည် နန်းတော်အပြင်ဘက်တွင် တန်းစီစောင့်ဆိုင်းနေသူများကို နှုတ်ဆက်ရန် လေသာဆောင်သို့ အကြိမ်ကြိမ်ထွက်ခဲ့သည်။လူ ၆၅၀ဝ၀ ခန့် နှုတ်ခွန်းဆက်ပွဲသို့တက်ရောက်ခဲ့ကြသည်။
အသက် ၅၉ နှစ်အရွယ် နာရူဟီတိုသည် အောက်စ်ဖို့ဒ်တက္ကသိုလ်၌ ပညာသင်ယူခဲ့သည့် သမိုင်းပညာရှင်တစ်ဦးဖြစ်သည်။ ၎င်းသည် ဒုတိယကမ္ဘာစစ်ပြီးနောက် မွေးဖွားလာသည့် ပထမဆုံးဧကရာဇ်ဘုရင်ဖြစ်သလို ပြည်ပတွင်ပညာသင်ယူခဲ့သည့် ပထမဆုံး ဧကရာဇ်ဘုရင်လည်းဖြစ်သည်။

















